နိုဝင်ဘာ-၆၊၂၀၂၆။ခိုင်မြတ်/ People’s Spring
တိုက်ပွဲဖြစ်နေတဲ့စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောနဲ့ ပုဏ္ဏာားကျွန်းမြို့နယ်တို့မှာရှိတဲ့ စပါးခင်းဧက ထောင်ချီ ရိတ်သိမ်းချိန်တန်နေပြီဖြစ်ပေမယ့် စစ်တပ်ကလေကြောင်းဗုံးကြဲနေတာကြောင့် မရိတ်သိမ်း နိုင်ဖြစ်နေကြတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။
ကုလားတန်မြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာတွေဖြစ်တဲ့ တောင်းဖူး၊ သဝင်ချောင်း၊ အ၀ကန်၊ ကြိမ်ခွေမော်၊ တပ်မော်၊ မနော်သီရီ၊ မြစ်အနောက်ဘက်ကမ်းရှိ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုး၊ တန်းစွယ်စတဲ့ကျေးရွာအတွင်းမှ ဒေသခံတွေဟာ စစ်တပ်ကလေယာဥ်နဲ့ ဗုံးကြဲတဲ့အန္တရာယ်ကြောင့်စပါးခင်းတွေကို မရိတ်သိမ်းနိုင်ဘဲ ဖြစ်နေကြတာပါ ။
“စပါးခင်းတွေ မှည့်နေပြီ။ အခုတောင် ရိတ်လို့ရပြီ။ရှေ့လလောက်ဆိုရင်အကုန်ရိတ်ရတော့မှာ။ ဘယ်လိုလုပ်ရမယ် မှန်းတောင်မသိသေးဘူး။ စပါးသွားရိတ်ဖို့မပြောနဲ့၊ ရွာနားတောင် ကပ်လို့မရဘူး တရက်မပျက်ဗုံးကြဲနေတာကို” လို့ပေါက်တောမြို့နယ် ကြိမ်ခွေမော်ရွာမှစပါးဧက ၄၀ ကျော်စိုက်ပျိုးထားတဲ့ လယ်သမားတဦးက ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာ ကုလားတန်မြစ်လယ်ရှိ ပေါက်တောမြို့နယ် ငပြီကျွန်းပေါ်ကို ကမ်းတက်ဖို့ကြိုုးစားနေပြီး ကုလားတန် မြစ်အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းနေရာတွေကို လေကြောင်းကနေ နေ့စဉ်မပြတ်ဗုံးကြဲနေတာဖြစ်ပါတယ်။
အဲဒီလို ဗုံးကြဲမှုကြောင့် ပေါက်တောမြို့နယ်အတွင်းက မြစ်ကမ်းဘေးရွာတွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တောင်ပိုင်း ကျေးရွာအားလုံးနီးပါးမှ ဒေသခံထောင်ချီဟာနေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။
“စပါးတခင်းကတော့ ဆုံးပါပြီ။ဒီနှစ် အေးချမ်းမလား၊ လယ်စိုက်လို့ရမလားဆိုပြီး စိုက်ထားတာ။ အကြွေးယူပြီး စိုက် ထားတာပါ။ စပါးရိတ်နိုင်ဖို့ မလွယ်တော့ဘူး။ ရင်းထားရတာလည်း များတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးရွာမှ လယ်သမားတဦးဖြစ်တဲ့ ကိုမောင်တင်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်ယာလုပ်ငန်းသွင်းအားစုတွေနဲ့ လုပ်အားခစျေး ကြီးတာကြောင့် လယ်သမားတွေဟာအရင်းအနှီးအများအပြားသုံးကာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြရတာဖြစ် ပါတယ်။
စစ်တပ်ဟာ ငပြီကျွန်းကမ်းတက်တိုက်ပွဲမှာ အထိနာနေသလို စစ်တွေမြို့နယ်အတွင်းမှာလည်း အာရက္ခတပ်တော် (AA)ရဲ့ ထိုးစစ်ကြောင့် တပ်စခန်းတဆယ်ကျော် လက်လွှတ်ထားရပြီး ထိခိုက်၊ သေဆုံးသူတွေ ဆယ်ချီရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အထိနာနေတဲ့စစ်တပ်ဟာ ကုလားတန်မြစ်ပြင်၊ ပင်လယ်ပြင်တို့မှာ စစ်သင်္ဘောအများအပြားနေရာယူထားပြီး စစ်သင်္ဘောတွေနဲ့ မြို့ပေါ်က စစ်တပ် တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ခတ်တာတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။
ဒါ့ကြောင့် ပေါက်တောမြို့နယ်အတွင်းက လယ်သမားတွေအပြင် ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်း၊ ပိန္နဲချောင်း ကျွန်းတို့ရှိ ကျေးရွာတွေမှ ရေလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ ဒေသခံတွေဟာလည်း ပင်လယ်ပြင်ငါးထွက်မဖမ်းနိုင်ဖြစ်နေကြပါတယ်။
“ပင်လယ်ထွက်ရင်စစ်တပ်ကလိုက်ပစ်တယ်၊ ဖမ်းတယ်။ဘယ်လိုမှ ထွက်လို့မရတော့ဘူး။ အလုပ်မရှိလို့ ကိုယ့်ရွာ မှာ ကိုယ်နေပြီး ငတ်တဲ့သူတွေ ငတ်နေကြပြီ”လို့ ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာမှ ရွာသားတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ လယ်ယာလုပ်ငန်းအတွက် သွင်းအားစုတွေနဲ့ လုပ်အားခစျေးကြီးတာ၊စပါးစျေးကောင်းမရတာတို့ကြောင့် လယ်သမားတွေဟာ သူတို့ရဲ့ လယ်ယာမြေတွေကို အပြည့်အ၀မလုပ်ကြ တော့ဘဲ လယ်ယာလုပ်ငန်းကို စွန့်ခွာလာနေကြပါတယ်။
ဒါ့ကြောင့်စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိခဲ့တဲ့ရခိုင်မှာ ပြီးခဲ့တဲ့နှစ်မိုးရာသီက ဧက ၅ သိန်းဝန်းကျင်ကိုသာ ထွန်ယက်စိုက်ပျိုးနိုင် ခဲ့ကြပါတယ်။စိုက်ပျိုးပြီးသား စပါးခင်းတွေကိုပါ မရိတ်သိမ်းနိုင်ကြရင် နောက်နှစ်မှာ ဒေသတွင်းစားနပ် ရိက္ခာကိုပါ ထိခိုက်မှုရှိလာနိုင်တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေနဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
“ဒီနှစ်စပါးအထွက်မကောင်း၊ ကောင်းကောင်းမွန်မွန်မရိတ်သိမ်းရရင် နောက်နှစ် စပါးရှားလာနိင်တယ်။ စျေးလည်းတက်နိုင်သွားနိုင်တယ်” လို့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လယ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန် နေပြီး စစ်တပ်ဘက်ကအထိနာနေကာတိုက်ပွဲဆက်စပ်နေရာတွေအပြင် အရပ်သားလူနေကျေးရွာတွေကိုပါ စစ် တပ်က လေကြောင်းဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ နေ့စဉ်နီးပါး ရှိနေပါတယ်။





















































