နိုဝင်ဘာ-၈၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းနယ်စပ်က စစ်တပ်အခိုင်အမာတပ်စွဲထားတဲ့ နန့်စီးအောင်ဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်တာကြောင့် စစ်တပ်မှသေဆုံး ဒဏ်ရာရသူတွေများပြီး ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သုံ့ပန်းတွေ ဖမ်းမိထားပါတယ်။
နန့်စီးအောင်ဂိတ်ကို နိုဝင်ဘာလ၇ရက်နေ့က ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။နန့်စီးအောင်ဂိတ်ဟာ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းရဲ့ အဓိကဝင်ပေါက်ထွက်ပေါက် ဂိတ်နေရာဖြစ်ပါတယ်။
“ဗိုလ်ကြီးနဲ့ ပစတွေ(ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေ)မိထားတယ်။စစ်ကောင်စီကတော့ ဒီဘက်တကြောလုံးကို ဗုံးကြဲနေတယ်”လို့ နယ်မြေခံစစ် ရေးသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
နန့်စီအောင် စစ်တပ်ဂိတ်ကိုတော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ပြီး စစ်သားအလောင်းအများအပြားနဲ့ ဂိတ်ကိုသိမ်းပိုက်ခဲ့တဲ့ ရုပ်သံဖိုင် မှတ်တမ်းကိုလည်းစစ်ရေးသတင်းအရင်းအမြစ်အချို့က လူမှုကွန်ယက်မှာဖြန့်ချီခဲ့ပါတယ်။
လက်ရှိမှာ မြစ်ကြီးနား- မန္တလေး ဗျူဟာလမ်းနဲ့ ပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့ မော်လူး၊ အင်းတော်၊ ထီးချိုင့်၊ကောလင်း၊ ဝန်းသိုမြို့နယ်တွေထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။
မန္တလေး-မြစ်ကြီးနားလမ်းအတိုင်း တက်လာတဲ့ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေကတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာပါ။ စစ်ကောင်စီက တိုက်ပွဲဖြစ်နေတဲ့မြို့နယ်တွေအပြင်ကျွန်းလှ၊တန့်ဆည်မြို့နယ်တွေကိုလည်းဗုံးကြဲနေပါတယ်။
ဒေသတွင်းရှိ ကသာ – ထီးချိုင့် အမှတ် ( ၃ ) ကားလမ်း၊ ကသာ-မော်လူး ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းမှာဖြစ်လို့ ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ကသာခရိုင် အမှတ် ( ၁ ) တပ်ရင်းက သတိပေးထားပါတယ်။




















































