အင်ဒိုနီးရှား နိုင်ငံမှာ တောမီးငြှိမ်းသတ်ရေး တာဝန်ယူနေတဲ့ ရဟတ်ယာဉ်တစ်စီး မြစ်ထဲ ပျက်ကျခဲ့ပြီး အဖွဲ့သားတစ်ဦး သေဆုံးခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့တုန်းက ဘော်နီယိုကျွန်းရဲ့ တောင်ပိုင်း ကာလီမန်တန် ဒေသမှာ ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ခဲ့တာပါ။ ဗီဒီယိုတွေထဲမှာတော့ ရေတွေ သယ်ဆောင်ပြီး မီးလောင်ပြင်ပေါ် ကြဲချဖို့ အသုံးပြုတဲ့ ရဟတ်ယာဉ်ဟာ မြစ်ရေပြင်ဆီ ချဉ်းကပ်ရင်း ပျက်ကျသွားခဲ့တာကို တွေ့ရပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့တုန်းကလည်း သီးခြားဖြစ်စဉ် အနေနဲ့ ဘော်နီယိုနားမှာ မီးသတ်ဖို့ ကူညီပေးနေတဲ့ စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး လူ ၃ ဦး သေဆုံးခဲ့ပါသေးတယ်။
အခုနောက်ဆုံး ဖြစ်ရပ်မှာတော့ အင်ဒိုနီးရှား နိုင်ငံသား ရဟတ်ယာဉ် အဖွဲ့သား ၁ ဦး သေဆုံးသွားပေမယ့် ဩစတြေးလျ နိုင်ငံသား ရဟတ်ယာဉ်မှူး ၂ ဦးစလုံးကိုတော့ ဘေးကင်းကင်းနဲ့ ကယ်ဆယ်နိုင်ခဲ့ကြောင်း အမျိုးသား ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဘာတန် ပန်ဂျိုင်တန်က ပြောကြားခဲ့ပါတယ်။

Public Service Announcement
ရဟတ်ယာဉ်ဟာ ဘာရီတို မြစ်ထဲကနေ ရေတွေသယ်ယူ ဖြည့်တင်းပြီးတဲ့နောက် မြစ်ထဲကို ဖြည်းဖြည်းချင်း နိမ့်ဆင်းပြီး ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေကို အပူတပြင်း လုပ်ဆောင်ခဲ့ပြီး ညနေပိုင်းမှာတော့ သေဆုံးသူရဲ့ အလောင်းကို ရေငုပ်သမား ၄ ဦးက ဆယ်ယူနိုင်ခဲ့ကြောင်း ဘာတန်က ဆိုပါတယ်။
အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားဟာ ဆူမားတြား၊ ဘော်နီယို၊ ပါပူအာ ကျွန်းတွေမှာ ပျံ့နှံ့ လောင်ကျွမ်းနေတဲ့ တောမီးတွေကို ထိန်းချုပ် ငြှိမ်းသတ်ဖို့ လအတော်ကြာ ရုန်းကန်နေရပါတယ်။ အဲဒီ တောမီးတွေကနေ ထွက်ပေါ်လာတဲ့ မီးခိုးမြူတွေဟာ အိမ်နီးချင်း စင်ကာပူ၊ မလေးရှားနဲ့ အရှေ့တီမော နိုင်ငံတွေထိ ပျံ့နှံ့ ရောက်ရှိနေပါတယ်။
ဘာရီတို မြစ်ထဲ ပျက်ကျခဲ့တာဟာ Eurocopter EC225LP Super Puma အမျိုးအစားဖြစ်ပြီး မီးလောင်ပြင်ပေါ် ရေဗုံးကြဲတဲ့ မစ်ရှင်မှာ ပါဝင်ပျံသန်းနေခဲ့တာလို့ ဘာတန်က ပြောပါတယ်။
အဲဒီမတိုင်ခင် နိုဝင်ဘာ ၄ ရက် ဖြစ်စဉ်မှာတော့ လူ ၈ ဦး လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဟာ တန်ဂျွန်ပူတင် အမျိုးသား သဘာဝ ဥယျာဉ် သတ်မှတ် သစ်တော ဧရိယာမှာ မီးငြှိမ်းသတ်နေရင်း ပင်လယ်ရေတွေ ခပ်ယူတဲ့ မစ်ရှင်တစ်ခုမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ တွန်ဂျွန်ပူတင် အမျိုးသား သဘာဝ ဥယျာဉ် သတ်မှတ် သစ်တော ဧရိယာဟာ မျိုးသုဉ်းလုနီးပါး ရှားပါးနေပြီဖြစ်တဲ့ ဘော်နီယို အော်ရန်ဂူတန် မျောက်ဝံတွေ အဓိက ကျက်စားတဲ့ ဒေသ ဖြစ်ပါတယ်။
ရဟတ်ယာဉ် ပျက်ကျမှု နှစ်ခုစလုံးအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲလို့လည်း သိရပါတယ်။
ကိုးကား: CNA




















































