Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပိုလန်မှာ အစုလိုက် ပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ သေနတ်သမား ဆေးရုံတက်ရင်း သေဆုံးသွား

ပိုလန်နိုင်ငံ၊ ခရာကော့ မြို့လယ်မှာ ရမ်းကားပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ ဆေးရုံမှာ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ပိုလန်နိုင်ငံ၊ ခရာကော့ မြို့လယ်မှာ ရမ်းကားပစ်ခတ်ခဲ့တဲ့ သေနတ်သမားဟာ ဆေးရုံမှာ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် သေနတ်သမားဟာ ပိုလန်ရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ ခရာကော့ရဲ့ မြို့လယ်ခေါင် လူစည်ကားရာ ရင်ပြင်မှာ နိုဝင်ဘာ ၇ ရက်နေ့က ရမ်းကား ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သူ့လက်ချက်ကြောင့် လူ ၆ ဦး သေဆုံးခဲ့သလို ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

ရဲတွေက ဖြစ်စဉ်ကို အမြန်ဆုံး တုံ့ပြန်ကိုင်တွယ်ခဲ့ပြီး ၃ မိနစ် အကြာမှာတော့ အပြန်အလှန် ပစ်ခတ်ရင်း သေနတ်သမားက ဒဏ်ရာရသွားခဲ့ပါတယ်။ သူ့ကို ဆေးရုံတင်ပို့ပြီး ခွဲစိတ်ကုသမှုတွေ ခံယူစေခဲ့ပေမယ့် သေဆုံးသွားကြောင်း နိုဝင်ဘာ ၉ ရက်နေ့မှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရက အခုပစ်ခတ်မှုဟာ လက်ယာစွန်း နိုင်ငံရေးဝါဒနဲ့ ပတ်သက် ဆက်နွှယ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သေနတ်သမားဟာ စစ်သုံး ပြောက်ကျား ဝတ်စုံကို ဝတ်ဆင်ပြီး AR-15 မောင်းပြန်ရိုင်ဖယ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သူ့လက်ချက်ကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ပိုလန်က ၄ ဦး၊ ဗြိတိန်နဲ့ ဩစတြီးယားတို့က ၁ ဦးစီ ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါတင်မကသေးဘဲ သေနတ်သမားရဲ့ နေအိမ်ကို ရဲတွေက စီးနင်း ရှာဖွေခဲ့တဲ့အခါ သံသယ တရားခံရဲ့ အသက် ၅၃ နှစ်အရွယ် ဖခင်၊ အသက် ၅၂ နှစ်အရွယ် မိခင်နဲ့ အသက် ၂၁ နှစ်အရွယ် ညီမဖြစ်သူပါ ပစ်သတ် ခံထားရတာကို ရှာတွေ့ခဲ့ပါတယ်။ သေနတ်သမားဟာ လက်နက် ကိုင်ဆောင်ခွင့် လိုင်စင် ရှိထားကြောင်း ရဲတွေက အတည်ပြုခဲ့ပြီး သူ့နေအိမ်နဲ့ ကားထဲကနေ လက်နက်ခဲယမ်းတွေ အများအပြားလည်း ရှာတွေ့ခဲ့ပါတယ်။ သူ့လက်ချက်ကြောင့် နိုင်ငံခြားသား ၅ ဦး၊ ရဲ ၂ ဦး အပါအဝင် စုစုပေါင်း ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာပြင်းတာကြောင့် သေနတ်သမားဟာ ဆေးရုံမှာ သေဆုံးသွားပြီ ဖြစ်ပေမယ့် ပိုလန် အစိုးရ ရှေ့နေရုံးကတော့ အခုဖြစ်ရပ်ကို အကြမ်းဖက်မှု စွပ်စွဲချက် အောက်ကနေ ဆက်လက် စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောပါတယ်။ သေနတ်သမားဟာ လက်ယာစွန်း အမျိုးသားရေး ဝါဒ လွှမ်းမိုးခြင်း ခံထားရသူ တစ်ဦးလို့လည်း အာဏာပိုင်တွေက ဆိုပါတယ်။

ခရာကော့မြို့ဆီ ကိုယ်တိုင် သွားရောက်ခဲ့သူ ပိုလန် ဝန်ကြီးချုပ် ဒေါ်နယ်လ်တက်စ်ခ်က ၂ ရက်ကြာ နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု ကာလ သတ်မှတ်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ပိုလန်ဟာ အခုလောက် ဆိုးရွားတဲ့ အကြမ်းဖက်မှုမျိုးကို မကြုံခဲ့ဖူးကြောင်း၊ ခရာကော့မှာ ပြည်သူတွေရဲ့ အသက်တွေကို ရက်ရက်စက်စက် ရန်မူ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ဟာ ဆိုးရွားလွန်းကြောင်း တက်စ်ခ်က ပြောကြားခဲ့ပါတယ်။

ပိုလန်ဟာ သာမန်အားဖြင့် ငြိမ်းချမ်းပြီး လက်နက်ကိုင် အကြမ်းဖက်မှုနဲ့ တိုက်ခိုက်မှုတွေဆိုတာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

လေပိုင်နက် ကျူးကျော်မှုတွေနဲ့ ပတ်သက်ပြီး တုံ့ပြန် ကိုင်တွယ်နေတဲ့ တိုက်လေယာဉ်မှူးတွေကို လုပ်ထုံးလုပ်နည်းဆိုင်ရာ ပိုပြီး လွတ်လပ်ခွင့်တွေ ပေးသွားဖို့ ပိုလန် ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် တစ်စင်း ဖြစ်ဖွယ်ရှိကြောင်း ပိုလန် အစိုးရက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအတွက် ချီးမြှင့်ထားတဲ့ နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုကို ပိုလန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။