Connect with us

Hi, what are you looking for?

သတင်း

ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်အတွက် ရုရှား သံအမတ်ကို ပိုလန် ဆင့်ခေါ်ပြီး သတိပေး

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက်နေ့က ရုရှားသံအမတ်ကို ဆင့်ခေါ်ပြီး သတိပေး ကန့်ကွက်ခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောပါတယ်။ ဇူလိုင် ၃၀ မနက် အစောပိုင်းတုန်းက ပိုလန်ရဲ့ အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေ အလုံးအရင်းနဲ့ ဖြန့်ကျက် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီထဲက ဒုံးကျည်တစ်စင်းဟာ ယူကရိန်း ပိုင်နက်ကို ကျော်လာပြီး ပိုလန်နိုင်ငံ အရှေ့ဖက် တာနာဝါ ကိုလိုနီယာ ကျေးရွာနားက လူသူကင်းမဲ့ရာ ကွင်းပြင်ထဲ ပျက်ကျခဲ့ပါတယ်။ ပိုလန် အစိုးရကတော့ အဲဒီ ဒုံးကျည် လေပိုင်နက်ထဲ ကျော်ဝင်လာကတည်းက F-16 တိုက်လေယာဉ် တစ်စီးက ကြားဖြတ်ပစ်ချဖို့ စောင့်နေခဲ့ပေမယ့် သူ့အလိုလို ပျက်ကျသွားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အစောပိုင်းတုန်းက ဒုံးကျည် အမျိုးအစားကို အတိအကျ မသိရသေးဘဲ ရုရှားဒုံးကျည်လား၊ ယူကရိန်းဖက်က တုံ့ပြန် ပစ်ခတ်ခဲ့တဲ့ ဒုံးခွင်းဒုံးလား ဆိုတာကို ဆန်းစစ်နေခဲ့ပါတယ်။ ဒါပေမဲ့ နောက်တော့ ဒါဟာ ရုရှားက အသုံးပြုတဲ့ Kh-101 ဒုံးကျည် တစ်စင်းဆိုတာ အတည်ပြုနိုင်ခဲ့ကြောင်း ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပိုလန်ဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုလည်းဖြစ်ပြီး အခုကိစ္စဟာ NATOရဲ့ အရှေ့ဖက်စွန်း နယ်မြေ လေပိုင်နက်ကို ထိပါးကျူးကျော် ခံရတဲ့ အဓိပ္ပါယ်လို့လည်း သတ်မှတ်နိုင်ပါတယ်။

ရုရှားနဲ့ ယူကရိန်း စစ်ပွဲဟာ အိမ်နီးချင်း ပိုလန်နိုင်ငံ ပိုင်နက်ထဲထိ သက်ရောက် ကူးစက်မှုတွေ ရှိလာမှာကို ပိုလန်အနေနဲ့ အရင်ကတည်းက စိုးရိမ်နေခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက်နေ့မှာတော့ ရုရှားသံအမတ်ကို ဆင့်ခေါ်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိခိုက်ခြိမ်းခြောက်တဲ့ လုပ်ရပ်အပေါ် ခြွင်းချက်မရှိ ကန့်ကွက်ခဲ့တယ်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မာဆိချ် ဝူဝီရာက ပြောကြားသွားပါတယ်။

ဒါ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်နိုင်တဲ့အပြင် လေကြောင်းဖြစ်ရပ်ဆိုးကြီး တစ်ခုခု ကြုံသွားနိုင်တဲ့ အဲဒီလို လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့လည်း ပိုလန်က တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

အစောပိုင်းမှာ ပိုလန် ကာကွယ်ရေး ဝန်ကြီး ဝလာဒီဆလော် ကိုဆင်ညက် ကာမစ်ဇ်ခ်က နိုင်ငံပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ ဒုံးကျည်ကို လေ့လာကြည့်တဲ့အခါ မော်စကို မြို့တော်နားမှာ အခုနှစ် ဒုတိယ သုံးလပတ်ကမှ ထုတ်လုပ်ထားတယ် ဆိုတာကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဓိပ္ပါယ်ကတော့ ရုရှားဟာ အသစ်စက်စက် ထုတ်လုပ်ပြီးကာစ လက်နက်တွေကိုပါ ထုတ်သုံးနေရကြောင်း၊ ယူကရိန်း စစ်ပွဲကြောင့် ရုရှားရဲ့ လက်နက်ခဲယမ်း သိုလှောင်မှုတွေ ခန်းခြောက်လာတာကို ဒီတွေ့ရှိချက်က သက်သေပြနေကြောင်း ဝန်ကြီးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။