နိုဝင်ဘာ-၁၃၊၂၀၂၆။ရောင်နီ/People’s Spring
ပြီးခဲ့တဲ့လကတည်းကဈေးတက်ကြမ်းနေတဲ့ ကြက်သွန်နီဈေးဟာ ဒီရက်ပိုင်းမှာ ဈေးဆက်တက်နေပြီး လက်လီဈေး တစ်ပိဿာ ကျပ် ၂သောင်းကျော်အထိစံချိန်တင်မြင့်တက်နေတယ်လို့ ပြည်သူတွေကပြောပါတယ်။
“ဟိုရက်ကဝယ်တာ တစ်သောင်းခွဲ။ ဒီနေ့ နှစ်သောင်းပေးဝယ်ရတယ်” လို့ ကြည့်မြင်တိုင်မြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
ကြက်သွန်နီဈေးဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဈေးဆက်တက်နေတာဖြစ်ပြီး တချို့မြို့နယ်တွေမှာ တစ်ပိဿာနှစ်သောင်းခွဲ အထိဈေးပေါက်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement
“မနက် က ကြက်သွန်နီ ဝယ်မလို့စျေးမေးတာ ၂၁၀၀၀ တဲ့ စိတ်ထဲအမလေးတရင်းရွေးတုန်းရှိသေး ဆိုင်ရှင်က ပွဲရုံဘက်ကိုဖုန်းဆက် ကုန်မှာနေသံကြားရတယ်။ချိန်လဲပီးရောအမရေ တဲ့ ဒီနေ့ ပွဲရုံစျေးတင် ၂၃၀၀၀ ဖြစ်နေပီ မနက်ဖြန် ကျွန်မတို့ ၂၅၀၀၀ နဲ့ရောင်းရတော့မယ်တဲ့။၂၁၀၀၀ မရတော့ဘူးနော် အားနာလို့ ပွဲရုံစျေး ၂၃၀၀၀ နဲ့ပဲယူသွားပါတဲ့။မဖြစ်သင့်တဲ့စျေးတွေပါဟယ် ကိုယ့်နိူင်ငံက ထွက်တဲ့ ပစ္စည်းမိုလို့သာပဲနော် နိူင်ငံခြားကများသွင်းရင် ” လို့ ပြည်သူတစ်ဦးက မနေ့က(နိုဝင်ဘာ၁၂) ဈေးဝယ်ရင်းကြုံရတဲ့အကြောင်းအရာကို ဖေ့စ်ဘွတ်ခ်မှာမျှဝေထားပါတယ်။
ဒီလိုဈေးတက်ရတာက ဈေးကွက်ထဲမှာ ကြက်သွန်နီနည်းပါးလာတာကြောင့် ဖြစ်ပြီး အသစ်ပေါ်မယ့်ကြက်သွန်နီတွေလည်း ရာသီဥတုအခြေအနေတွေကြောင့် ပျက်စီးတာတွေ ကြုံရတာကြောင့် လို့ ကုန်သည်အချို့က ပြောပါတယ်။
” ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်လာဈေးနဲ့တွက်ရင် ကြက်သွန်တစ်ပိဿာ လေးဒေါ်လာလောက်ပေးနေရတာ ဒါကြီးကမဖြစ်သင့်တဲ့ကိစ္စလို့မြင်ပါတယ် ” လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ကြက်သွန်နီ စံချိန်တင်ဈေးတက်ပေမယ့် စိုက်ပျိုးခဲ့ရတဲ့ တောင်သူတွေဈေးရတာမဟုတ်ပဲ လှောင်ထားတဲ့ကုန်သည်တွေ ဈေးကစားနေတာကြောင့်လို့ တောင်သူတွေက သုံးသပ်ထားပါတယ်။
“တောင်သူ့လက်ထဲ ကြက်သွန်မရှိတော့ပြီဆိုမှ စျေးတန်းက လိုက်လာသည်ဆိုတော့ က တောင်သူက ဘယ်ခံချင်ကြမလဲပေါ့ဗျာ။ စျေးတန်းအမြင့်စျေး ရောင်းရသူက တောင်သူဘက်မှာ ရှားပါတယ်။ ယ္ခုနှစ် စျေးတန်း တောစျေး ၈၅၀၀. ၉၀၀၀ ရောင်းရသူကရှားတယ်ဗျာ့။ တသောင်းကတော့ တောဘောစေ့လောက်ပဲ ရကြတာတွေ့ရပါတယ်ဗျာ့။ အဲ့တော့ တောင်သူဘဝမှာက ဟိုအရင်နှစ်များက ရှုံးခဲ့ကြပါသော ရှုံးကြွေးက ယ္ခုနှစ် စျေးကောင်းပါသော်လဲ မကျေကြပါဗျာ့” လို့ တောင်သူတစ်ဦးကရင်ဖွင့်ထားပါတယ်။
ဒါကြောင့် ကြက်သွန်နီဈေး ကစားနေသူတွေကို အရေးယူဆောင်ရွက်မှုတွေပြုလုပ်သင့်တယ်လို့ အချို့ကလည်း အကြံပြုထားပါတယ်။
“တောင်သူတွေက စျေးတက်မှာ သိလဲမလှောင်ရဲကြပါဘူး ။ မီးရှို့ခံရလျင် ပြာပုံကြည့်ငိုနေရမှာ ။ ပခုက္ကူ ခရိုင်မှာ ကြ က်သွန်စိုက်ပျိုးတဲ့ ရွာတွေ နှုတ်ပြီးမရောင်းရသေးခင် ပြာပုံဖြစ်သွားတာ” လို့ ဒေသခံတစ်ဦးက တောင်သူတွေကြုံရတဲ့ အခက်အခဲကိုပြောထားပါတယ်။
စိုက်ပျိုးမြေနေရာမရှိတာကြောင့် ကြက်သွန်နီကို တခြားနိုင်ငံကနေ တင်သွင်းရတဲ့ စင်ကာပူနိုင်ငံမှာတောင် ကြက်သွန်နီဈေးက တစ်ပိဿာကို မြန်မာငွေကျပ်တစ်သောင်းဝန်းကျင်သာရှိတယ်လို့ ပြည်သူတစ်ဦးက နှိုင်းယှဉ်ပြထားပါတယ်။
ကြက်သွန်နီက မြန်မာဟင်းလျာတွေမှာ အဓိကပါဝင်ပစ္စည်းအနေနဲ့ အသုံးပြုကြတာဖြစ်ပေမယ့် ဈေးတက်လာတာကြောင့်လျော့စားရတော့မယ်လို့ ပြည်သူတွေကပြောပါတယ်။





















































