Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့လူ့အခွင့်အရေး အကျပ်အတည်းကို ပိုအာရုံစိုက်ပေးဖို့ အာဆီယံနဲ့ မိတ်ဖက်တွေကို HRW တောင်းဆို

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေး တက်ရောက်မယ့် အဖွဲ့ဝင်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ လူသားချင်း စာနာမှု အကျပ်အတည်းတွေကို ထိထိရောက်ရောက် အာရုံစိုက်ပေးကြဖို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

(ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုကို တွေ့ရစဥ်။ ဓာတ်ပုံ - AFP)

နိုဝင််ဘာ-၁၃၊ ၂၀၂၆။ People’s Spring

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေး တက်ရောက်မယ့် အဖွဲ့ဝင်နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ လူသားချင်း စာနာမှု အကျပ်အတည်းတွေကို ထိထိရောက်ရောက် အာရုံစိုက်ပေးကြဖို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၁၅ ကနေ ၁၇ ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံမှာ အာဆီယံ ထိပ်သီး အစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး (EAS)၊ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံများ အစည်းအဝေးတွေ ကျင်းပကြမှာ ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးတွေကို အာဆီယံ နိုင်ငံတွေအပြင် အမေရိကန်၊ ဥရောပ သမဂ္ဂ (EU)၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ အပါအဝင် နိုင်ငံတချို့က ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ် အဖွဲ့တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့တုန်းက HRWရဲ့ ထုတ်ပြန်ချက်မှာတော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာဆီ စာတစ်စောင် ပေးပို့ထားခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။ နိုဝင်ဘာ ၅ ရက်က ပေးပို့ခဲ့တဲ့ စာထဲမှာတော့ နှစ်ဆန်းပိုင်းတုန်းက အာဏာသိမ်းစစ်တပ် ဦးဆောင် ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲတွေကို အသိအမှတ် မပြုဖို့ အာဆီယံကို HRWက တိုက်တွန်းထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံက မြန်မာ့အကျပ်အတည်း၊ လူသားချင်း စာနာမှု ပြဿနာတွေ ဖြေရှင်းဖို့ တိုက်တွန်းထားတဲ့ အချက်တွေကို အာဏာသိမ်း စစ်တပ်က ပြောင်ပြောင်တင်းတင်း ဖီဆန်နေပေမယ့် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လက်ခံ တွေ့ဆုံနေကြတဲ့ ကိစ္စကိုလည်း HRWက ထောက်ပြထားပါတယ်။

အစောပိုင်းမှာ မင်းအောင်လှိုင်ဟာ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့် ရလာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ ဖိလစ်ပိုင်က မင်းအောင်လှိုင် အစည်းအဝေး တက်နိုင်မှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ အာဏာသိမ်း စစ်တပ်က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အာဆီယံ အစည်းအဝေးတွေ တက်ရောက်တာကို ခွင့်မပြုတဲ့ အာဆီယံရဲ့ မူဝါဒကို ဆက်ထိန်းထားဖို့လည်း HRWက တိုက်တွန်းခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ အာဏာမသိမ်းခင် ကာကွယ်ရေး ဦးစီးချုပ် ဘဝမှာရော၊ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာပါ မြန်မာနိုင်ငံအနှံ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဦးဆောင် ကျူးလွန်ခဲ့ကြောင်း၊ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ အများအပြားဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်း HRWက ထောက်ပြခဲ့ပါတယ်။

အာဆီယံ အစည်းအဝေးအပြီး ရက်ပိုင်းအတွင်း နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICJ)ကလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုအတွက် မြန်မာအပေါ် စွဲချက်တင်ထားတာကို စီရင်ချက် ချမှတ်မှာဖြစ်ကြောင်း HRWက ပြောပါတယ်။

အာဆီယံ ထိပ်သီး အစည်းအဝေးမှာတော့ အဖွဲ့ဝင် နိုင်ငံတွေရော၊ မိတ်ဖက်နိုင်ငံတွေ အနေနဲ့ပါ မင်းအောင်လှိုင် လက်အောက်၊ မြန်မာနိုင်ငံရဲ့ ပိုမို ဆိုးရွားလာနေတဲ့ လူသားချင်း စာနာမှု အခြေအနေတွေ၊ လူ့အခွင့်အရေး အကျပ်အတည်းတွေကို ပိုပြီး ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်နိုင်ရေး ဦးစားပေး ချဉ်းကပ်ဖို့ HRWက တိုက်တွန်းထားပါတယ်။ ပြီးတော့ အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေး တိမ်းရှောင်နေတဲ့ မြန်မာ ပြည်သူတွေရဲ့ အခွင့်အရေးတွေ အတွက်ပါ ကူညီ စဉ်းစားပေးဖို့ HRWက မေတ္တာရပ်ခံထားပါတယ်။

အဲဒီအချက်အလက်တွေကိုလည်း မားကို့စ်ဆီ ပေးပို့တဲ့ ပေးစာထဲမှာ ထည့်သွင်း ဖော်ပြထားကြောင်း သိရပါတယ်။ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ပြီး အမှန်တကယ် အဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်လာစေဖို့ သက်ဆိုင်ရာ အစိုးရ အသီးသီးက ပိုပြီး အာရုံစိုက် ဖိအားပေးကြဖို့ လိုအပ်ကြောင်းလည်း HRWက ထောက်ပြထားခဲ့ပါတယ်။

ကိုးကား: HRW

ဆက်စပ်သတင်းများ

Facebook