Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘာအနှံ့မှာ Microsoft ဝန်ဆောင်မှုတွေ ပြတ်တောက်မှု ကြုံတွေ့

နည်းပညာ လုပ်ငန်းစုကြီး Microsoftရဲ့ ဝန်ဆောင်မှုတွေ ကမ္ဘာအနှံ့မှာ ပြတ်လပ်မှု ဖြစ်ပွားပြီး သုံးစွဲသူ အများအပြားကို သက်ရောက် ထိခိုက်နေစေပါတယ်။

ဓာတ်ပုံ - Getty

နည်းပညာ လုပ်ငန်းစုကြီး Microsoftရဲ့ ဝန်ဆောင်မှုတွေ ကမ္ဘာအနှံ့မှာ ပြတ်လပ်မှု ဖြစ်ပွားပြီး သုံးစွဲသူ အများအပြားကို သက်ရောက် ထိခိုက်နေစေပါတယ်။

Microsoftရဲ့ Outlook အီးမေးလ်တွေ၊ Teams၊ OneDrive ဝန်ဆောင်မှုနဲ့ ဉာဏ်ရည်တု (AI) နည်းပညာ softwareဖြစ်တဲ့ Copiliotတို့ အားလုံးဟာ ဆာဗာဆီ ချိတ်ဆက်လို့ မရတဲ့ ပြဿနာမျိုး ကမ္ဘာအနှံ့မှာ ကြုံတွေ့ခဲ့ပါတယ်။

မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းလောက် ကတည်းက အဲဒီ အခြေအနေမျိုး ကြုံနေရပြီး အရေးပေါ် ပြင်ဆင်မှုတွေမှာ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ အမေရိကန် ကုမ္ပဏီကြီးက ပြောပါတယ်။ ဒါပေမဲ့ မွန်းလွဲပိုင်းထိ အခြေအနေ အရတော့ တိုးတက်တဲ့ ရလဒ်တွေ ရှိလာပြီလို့ ဆိုပါတယ်။

Outlook သုံးမရတော့လို့ Microsoftဆီ အရေးဆို အသိပေးမှုတွေဟာ မြန်မာစံတော်ချိန်အရ နိုဝင်ဘာ ၁၂ ရက်ည သန်းခေါင်ကျော်လောက်မှာ အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဆာဗာနဲ့ အဆက်အသွယ် ပြတ်တောက်မှုတွေဟာ လူသုံးများတဲ့ Microsoft 365 software သုံးစွဲသူတွေ အတွက်ပါ အခက်ကြုံစေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေမှာတော့ ကမ္ဘာတလွှားက ဌာနခွဲ၊ လုပ်ငန်းခွဲတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချိတ်ဆက်ဖို့ အဲဒီ ဝန်ဆောင်မှုတွေကို အသုံးပြုနေကြပါတယ်။ တချို့ အခြေအနေတွေမှာတော့ Microsoft သုံးစွဲသူတွေဟာ ပြက္ခဒိန် appတွေကို ကြည့်လို့ မရတော့တာ၊ ဖိုင်တွေထဲက အသေးစိတ် အချက်အလက်တွေကို စစ်ဆေးလို့ မရတော့တာတွေ ဖြစ်ခဲ့ကြောင်း Microsoftက ထုတ်ပြန်ပါတယ်။ ကုမ္ပဏီရဲ့ AI ပလက်ဖောင်းဖြစ်တဲ့ Copilotမှာလည်း ပုံမှန် အလုပ်မလုပ်တာမျိုးတွေ ကြုံလာပါတယ်။

ဒါပေမဲ့ အီးမေးလ်စနစ်နဲ့ အွန်လိုင်း အစည်းအဝေး ပြုလုပ်နိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ အများစု အဆင်ပြေနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဆက်အသွယ် ပြတ်တောက်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတိအကျ မထုတ်ပြန်သေးပေမယ့် Microsoftရဲ့ အဆိုအရတော့ ဆာဗာတချို့နဲ့ အဆက်ပြတ်ကုန်ရာက ကျန်တဲ့ စနစ်တစ်ခုလုံးက မနိုင်ဝန် ထမ်းရသလိုဖြစ်ပြီး အခုလို အခြေအနေတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

Microsoftရဲ့ စနစ်ကို သုံးစွဲထားတဲ့ Anthropicနဲ့ OpenAIတို့လို Aiကုမ္ပဏီကြီးတွေမှာလည်း ဒီပြဿနာရဲ့ ဆိုးကျိုးရိုက်ခတ်မှုတွေကို ကြုံတွေ့ခဲ့ပါတယ်။ ChatGPTကို ဖန်တီးထားတဲ့ OpenAIရဲ့ တချို့သော toolတွေက သုံးစွဲသူတွေအတွက် ပုံမှန် အလုပ်လုပ်မပေးတာမျိုးတွေ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း Microsoftရဲ့ Azureဆိုတဲ့ cloud ပလက်ဖောင်းမှာ ကွန်ရက် ပြတ်တောက်မှုတွေ ဖြစ်ခဲ့ပြီး အဲဒီဝန်ဆောင်မှု ချိတ်ဆက် အသုံးပြုတဲ့ ကမ္ဘာအနှံ့က ကုမ္ပဏီတွေမှာ အခက်ကြုံခဲ့ပါတယ်။

အီလက်ထရောနစ် ထရပ်ကား ထုတ်လုပ်ရေး လုပ်ငန်းစုကြီး Workhorse Groupဟာ မူလက နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကုမ္ပဏီရဲ့ တတိယ သုံးလပတ် အစီရင်ခံစာတွေကို ထုတ်ပြန်ဖို့ ကြေညာထားပေမယ့် Microsoftရဲ့ ဝန်ဆောင်မှုတွေ ပုံမှန် အသုံးပြုလို့ မရသေးတာကြောင့် နိုဝင်ဘာ ၁၆ ရက်ဆီ ရက်ရွှေ့လိုက်ရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook