တည်ကြည်/People’s Spring
အခုမိတ်ဆွေတို့ မြင်တွေ့ရတာကတော့ မြင်းခြံ-မန္တလေးလမ်းပဲ ဖြစ်ပါတယ်။အတိအကျ ပြောရမယ်ဆိုရင်တော့ တံတားဦး-မြို့သာ-မြင်းခြံလမ်းပိုင်းပါ။ TikTok သုံးစွဲသူတစ်ဦးက လူမှုကွန်ရက်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။
စစ်တပ်အာဏာ မသိမ်းခင်ကတော့ အဲဒီလမ်းကလေးဟာ ပုဂံ-ညောင်ဦးနဲ့ မန္တလေး ကူးချင်သူဖြစ်ဖြစ်၊ မြင်းခြံ-မန္တလေး သွားသူတွေဖြစ်ဖြစ် အသုံးများကြတဲ့ လမ်းဖြစ်ပါတယ်။ လမ်းတလျှောက် ထန်းပင်ထန်းတောတွေ၊ ထနောင်းပင်တန်းတွေနဲ့ သာယာလွန်းလှပါတယ်။
မိုးတွင်းမှာဆို လမ်းဘေးတခွင် စိမ်းလို့စိုလို့ပေါ့။ မိုးရေစက်တွေဟာ ထနောင်းပင်အိုမှာ တွဲလွဲခိုလို့။ လမ်းတလျှောက် တချို့နေရာ ရေကျော်လေးတွေရှိတော့ ဖြေးဖြေးသက်သာမောင်းရတယ်။

Public Service Announcement
နွေအခါလည်း အဲဒီလမ်းကလေး သာယာပါတယ်။ ရဲရဲနီဆွေး လက်ပံပင်အိုတွေ၊ ပေါက်ပင်တွေလည်း တွေ့ရမယ်။ ဖရဲသီး၊ သခွားသီးသည်လေးတွေလည်း စျေးဝယ်ကို တကြော်ကြော်အော်ခေါ်နေတတ်တယ်။
ရွာဆက်လည်းမပြတ်၊ လူသွားလူလာလည်းများတော့ အမျိုးသမီးတွေတောင် နေ့ခင်း တစ်ဦးတည်း ဆိုင်ကယ်နဲ့ကူးသန်းလို့ရပြီး ခလုတ်မထိ ဆူးမငြိခဲ့ကြပါဘူး။ နေ့ခင်းတင်မက ညသန်းခေါင်သန်းလွဲပါ သွားလို့လာလို့ ကောင်းခဲ့ကြတယ်။
သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ အခါကြီးရက်ကြီးများဆို မန္တလေးကနေပုဂံ သွားကြသူတွေ ညကြီးမိုးချုပ် တဝေါဝေါကူးသန်းလည်း ဘေးမသီရန်မခတဲ့လမ်းပါ။
မန္တလေးကနေထွက်လာပြီး တံတားဦးကနေအလာ၊ မြို့သာရောက်ရင် ကိုယ်လက်ခါးဆန့်ပြီး လက်ဖက်ရည်သောက်သူသောက်၊ မုန့်ပေါင်းနဲ့ အကြော်စုံ ပူပူစားပြီး ခေတ္တခဏ နားကြတယ်။ တချို့ကတော့ နဘူးအိုင်ကျမှ ရပ်ရင်း လက်ဖက်ရည်သောက် နားကြတယ်။ ဆိုင်တွေမှာ မနားချင်ရင်လည်း လမ်းဘေးဇရပ်တဲလေးတွေမှာ နားလို့ရတယ်။ ဇရပ်ထဲက ကွတ်ပျစ်ပေါ် လှဲချရင်း လေလေးတဖြူးဖြုးနဲ့ တရေးတမောအိပ်လို့ရတယ်။
လမ်းကလေးက ကောင်းလွန်းတော့ တံတားဦး-မြင်းခြံ ၂ နာရီဝန်းကျင်လောက်နဲ့ ရောက်တယ်။ ထနောင်းပင်တန်း စီစီရီရီတွေ့ရင်တော့ မြင်းခြံရောက်ပြီပေါ့။ မြို့အဝင်လမ်းဆုံမှာ ဘယ်ဘက်ကို လှမ်းကြည့်ရင်တော့ နွားထိုး-မြင်းခြံလမ်းပါ။ အဲဒီဘက်မှာလည်း ထနောင်းပင်တန်းတွေ ပိုလှပြီး ကြံရည်ဆိုင်လေးတွေ ရှိတယ်။ အမောပြေ ကြံရည်လေးသောက်ပြီးမှ မြို့ထဲဝင်ကြတယ်။
အခုတော့ လမ်းကလေးဟာ မြင်တဲ့အတိုင်းပါ။ ခြုံနွယ်ပိတ်ပေါင်းတွေ ထူထပ်နေပြီး လမ်းတောင် ကောင်းကောင်း မပေါ်ချင်တော့ဘူး။ တချို့နေရာတွေမှာ ချိုင့်ခွက်တွေတင်းကြမ်း။ ယခင်က ကားနှစ်စီး ကောင်းကောင်းရှောင်လို့ရခဲ့တဲ့ လမ်းကလေးဟာ အခုတော့ တစ်စီးတောင် မနည်းသွားလာနေရတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီလမ်းကလေးဟာ ပျက်စီးခြင်းငါးပါးတိုင်သွားခဲ့ပါတယ်။ အဲဒီလမ်းတဝိုက်က ရွာတွေမှာ တိုက်ပွဲတွေ၊ စစ်ကြောင်းထိုးမီးရှို့တာတွေ၊ စစ်တပ်နဲ့ ပျူစောထီးဂိတ်တွေရဲ့ စစ်ဆေးငွေညှစ်မှုတွေကြောင့် မြင်းခြံ-မန္တလေးလမ်းကို သွားလာသူတွေ နည်းပါးသွားခဲ့တယ်။ ဒါ့အပြင် ခရီးသွားတွေကို တောကြောင်တွေရဲ့ ဓါးပြတိုက်မှုတွေလည်း ရှိလာတော့ အသွားအလာ မရှိကြတော့ဘူး။ အဲဒီလမ်းဘေးက တချိူ့ရွာတွေဆို ရွာလုံးကျွတ် လူသူမရှိကြတော့ဘူးတဲ့။
အဲဒီလမ်းကလေးကနေ မြင်းခြံ-မန္တလေး အခေါက်အခါခါ ကူးဖူးကြသူတွေ၊ ပုဂံဘုရားဖူး တပျော်တပါးသွားဖူးကြသူတွေ၊ ပခုက္ကူအပါအဝင် မကွေးတိုင်းအထိ ခြေဆန့်ဖူးကြသူတွေအတွက်တော့ တကယ့်လွမ်းမောစရာပါ။ အလွမ်းတွေနဲ့အတူ နာကျင်ရတာ၊ ခံစားရတာတွေကလည်း မနည်းမနောပါပဲ။
ဒီလမ်းကလေးနဲ့ပတ်သက်ပြီး မိတ်ဆွေမှာ အမှတ်တရ တခုခုရှိရင်အောက်မှာ မှတ်ချက်ကလေးတွေဝေမျှပေးသွားခဲ့ပါဦး။





















































