ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ရဲ့ ကမ္ဘောဒီးယား ခရီးစဉ် အတောအတွင်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ် ၂၉ ခုကို လက်မှတ် ရေးထိုးခဲ့ကြောင်း ကမ္ဘောဒီးယား အစိုးရက ကြေညာခဲ့ပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့က နှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ကြတဲ့ စာချုပ်တွေထဲမှာ အခွန်ကိစ္စ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး၊ ပြည့်မြဲစွမ်းအင်၊ ကုန်သွယ်ရေး ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆိုတာတွေ ပါဝင်ပါတယ်။
မြို့တော် ဖနွမ်ပင်မှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က မာခရွန်ကို တခမ်းတနား ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စံချိန်တင် အရေအတွက်ထိ များပြားတဲ့ သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။
မာခရွန်ဟာ ပြင်သစ်စကားပြော နိုင်ငံတွေ၊ ပြင်သစ် ကိုလိုနီဖြစ်ဖူးတဲ့ နိုင်ငံတွေ စုဝေးကြရာ အကြိမ် ၂၀ မြောက် Francophonie ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် ကမ္ဘောဒီးယားကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ၂ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ ညီလာခံရဲ့ အခုနှစ် အိမ်ရှင်အဖြစ် ကမ္ဘောဒီးယားက တာဝန်ယူထားပြီး နိုဝင်ဘာ ၁၅ နဲ့ ၁၆ ရက်တွေမှာ ပြုလုပ်နေပါတယ်။

Public Service Announcement
ဟွန်မာနတ်နဲ့ တွေ့ဆုံချိန်မှာ မာခရွန်က ကုန်သွယ်ရေး ကိစ္စတွေအပြင် ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ကြား ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး အငြင်းပွားမှုတွေကို နိုင်ငံတကာ ဥပဒေတွေ၊ ရှိရင်းစွဲ သဘောတူညီချက်တွေနဲ့အညီ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကလည်း ပြင်သစ်ရဲ့ သံတမန်ရေးအရ ကူညီမှုတွေအတွက် ကျေးဇူးတင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
နောက်ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းတုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ပြင်သစ်နိုင်ငံသား ခံယူထားသူ ကမ္ဘောဒီးယား အတိုက်အခံ အမတ်ဟောင်း လင်မ်ကင်မ်ယာ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေး၊ ကျူးလွန်သူတွေကို ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးရေးကိုလည်း မာခရွန်က ကမ္ဘောဒီးယား အစိုးရဆီ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
Francophonie ထိပ်သီးညီလာခံကို အိမ်ရှင်အဖြစ် တာဝန်ယူနေတာကြောင့် ဟွန်မာနတ်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ၄၉ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံ ဆက်စပ် ထိပ်သီးအစည်းအဝေးကိုတော့ သွားရောက်ပူးပေါင်းဖို့ ရှိနေပါတယ်။
ဝန်ကြီးချုပ်ကိုယ်တိုင် မတက်ရောက်နိုင်တာကြောင့် ကမ္ဘောဒီးယား အစိုးရဟာ အာဆီယံ ထိပ်သီး ညီလာခံဆီကို ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ပညာရေး၊ လူငယ်နဲ့ အားကစားဝန်ကြီး ဒေါက်တာ ဟန်ချွန်နာရွန်ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့ပါတယ်။
ကိုးကား: Xinhua






















































