နိုဝင်ဘာ ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်နယ်မြေအတွင်းက ချဲ့တိုက်ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း မွန်သတင်းရင်းမြစ်က ပြောပါတယ်။
နိုဝင်ဘာ ၁၅ရက်ညသန်းခေါင်နဲ့ ဒီကနေ့ နိုဝင်ဘာ ၁၆ရက်မနက်အစောမှာ NMSP ထိန်းချုပ်ဒေသက ဖလံချောင်း၀ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဒီကနေ့ နေ့လည်ပိုင်းမှာ ချဲ့တိုက်ရွာကို ထပ်မံ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
“ချဲ့တိုက်ဆိုတာ မွန်နဲ့ ကရင်ရဲ့ အစပ်ကြားမှာရှိတဲ့ရွာပေါ့နော်။ မွန်လည်းနေတယ် ကရင်လည်းနေတယ်။ အဲဒီမှာ သူတို့ ကြဲချလိုက်တယ်။ုဒီဟာလည်း မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေထဲပဲ။သူတို့ အခုကြဲတဲ့နေရာက တကယ့်ရွာလယ်မှာ။ တောအစပ်လည်းမဟုတ်ဘူး ရွာအပြင်လည်း မဟုတ်ဘူး တကယ့်ရွာအလယ်ထဲမှာ” လို့ မွန်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
လေကြောင်းတိုက်ခိုက်မှုကြောင့်၂ဦးထက်မနည်းသေဆုံးကာ ၈ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရွာလယ်မှာ ဂျပန်ကူညီရေးအဖွဲ့ နိပွန်ဖောင်ဒေးရှင်းအထောက်အပံ့နဲ့ ဆောက်လုပ်ထားတဲ့ ဆေးခန်းရှိပြီး ဆေးခန်းလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
KawaoNewsရဲ့ ဖော်ပြချက်အရ ချဲ့တိုက်ရွာ တိုက်ခိုက်ခံရမှုမှာ အရပ်သား ၃ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အခုနှစ် ဇွန်လကလည်း NMSP ထိန်းချုပ်နယ်မြေထဲက နိပွန်ဖောင်ဒေးရှင်းအကူအညီနဲ့ ဆောက်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အခုလို လေကြောင်း တိုက်ခိုက်တာဟာ NMSPက နေခွဲထွက်သွားတဲ့ NMSP စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ပါဝင်တဲ့ ရာမညမွန်တပ်တော်က စစ်တပ်စခန်းတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဆက်တိုက်ဖော်ဆောင်ပြီးနောက် ပေါ်ပေါက်လာတဲ့ လေကြောင်း တိုက်ခိုက်မှုတွေလည်းဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ တုန့်ပြန်ရာမှာ စစ်ရေးပစ်မှတ်တွေမဟုတ်တဲ့ အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်တယ်လို့လည်း မွန်ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။






















































