▪️စစ်တပ်က အသစ်တဖန်အာဏာသိမ်းခြင်းကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းမှု အလဟသဖြစ်ပေါ်စေခဲ့ဟုဆို
နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုများ အထူးသဖြင့် မျိုးဆက်သစ်လူငယ် လူရွယ်များ အနေဖြင့် ပကတိ အခြေအနေနှင့် အဖြစ်မှန်များကို နားလည်သဘောပေါက်လာကြပြီး လက်နက်ကိုင် ခုခံ တိုက်ပွဲ ဝင်နေကြသည်မှ မျက်ဝါးထင်ထင် တွေ့ရှိနေကြရပြီ ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။
၂၀၂၂ ဇန်နဝါရီ ၂ရက်တွင် ကျရောက်မည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့သို့ KNU ဥက္ကဋ္ဌက သဝဏ်လွှာ ပေးပို့ရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မတူကွဲပြားလျက်ရှိသော ယဉ်ကျေးမှုနှင့် အမျိုးသားလက္ခဏာများကို အသိအမှတ်ပြုမှု၊ ရှိသင့်သည့်အခွင့်အရေးများနှင့် ထိန်းသိမ်းမြှင့်တင်မှုများအား လုပ်ဆောင်ခြင်းများ မရှိသည့်အပြင် မတူကွဲပြားလျက်ရှိသော အခြားသောလူမျိုးများအား ပပျောက်စေရန် ရည်ရွယ် ဖိနှိပ်မှုများနှင့် လျှို့ဝှက် သည့် ကြံစည် အားထုတ်မှုများကို အစဉ်တစိုက် လုပ်ဆောင်လျက်ရှိကြောင်း KNU ဥက္ကဋ္ဌက ဆိုသည်။

Public Service Announcement
ဖိနှိပ်မှုများနှင့် မတရားမှုများသည် တန်းတူရေးဆိုင်ရာ အခွင့်အရေးများကို အသိအမှတ် မပြုတက်သော အကျိုးဆက်သာဖြစ်ကြောင်း၊ ထို့ပြင် လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား၊ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ ပြည်သူလူထု အကြား ပဋိပက္ခနှင့်မသင့်မြတ်မှုများကို ဖြစ်ပေါ်စေကြောင်း ၎င်းက ဆိုသည်။
မတူကွဲပြားလျက်ရှိသော အခွင့်အရေးများ၊ နိုင်ငံရေးပြဿနာနှင့် မသင့်မြတ်မှုများကို ဖြေရှင်းနိုင်မည့် အကောင်းဆုံးသော နည်းလမ်းသည် နိုင်ငံရေးအရ ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာသည့် နည်းလမ်းပင် ဖြစ်ပြီး နိုင်ငံရေးနည်းလမ်းအရ အဖြေရှာနိုင်ရန်အတွက် KNU အနေဖြင့် ခေတ်အဆက်ဆက် တောင်းဆိုလာခဲ့သော်လည်း ခေတ်အဆက်ဆက် အုပ်ချုပ်သူများအနေဖြင့် နိုင်ငံရေးဆန္ဒနှင့် ကောင်းမွန်သည့် နိုင်ငံရေးအတွေးအမြင်များ မရှိခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
KNU အနေဖြင့် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဖြေရှင်းနိုင်ခြင်း မရှိပါက ပြည်တွင်း ငြိမ်းချမ်းရေးကို လုံး၀ တည်ဆောက်နိုင်မည်မဟုတ်သည်ကို နားလည်ထားသည်ဟု ဆိုသည်။
ထို့ကြောင့် အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် အေးချမ်းစွာတွေ့ဆုံ ဆွေးနွေးနိုင်ရေး တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး ပြည်သူလူထု သာယာ၀ပြောရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း ငြိမ်းချမ်းမှု တည်ဆောက်ရေးများကို အချိန်နှင့် ငွေကုန်ကြေးကျများစွာ ရင်းနှီးခဲ့ပြီး ကြိုးပမ်းအားထုတ်ခဲ့ကြောင်း သည်ဟုဆိုသည်။
KNUမှ နိုင်ငံရေးပါတီများ တိုင်းရင်းသးခုခံတော်လှန်ရေးအဖွဲ့များ၊ ပြည်သူလူထုနှင့် အကောင်းဆုံး ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ၊ ပြည်သူလူထုနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း KNUကို ကူညီထောက်ပံ့မှုများနှင့် ပူးပေါင်းလုပ်ဆောင်မှုများကို များစွာ ပံ့ပိုးပေးခဲ့သည်ဟု ဖော်ပြသည်။
သို့ရာတွင် စစ်တပ်မှ အသစ်တဖန် အာဏာသိမ်းယူခဲ့သောကြောင့် KNU၏ ကြိုးပမ်းအားထုတ်ခဲ့မှုများလည်း အလဟသ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ထို့ကြောင့် စစ်အာဏာရှင်များမှ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် မှန်ကန်သော စိတ်စေတနတာဖြင့် ဖြေရှင်းလိုစိတ်များ ကင်းဝေးနေသမျှ ကာလပတ်လုံး နိုင်ငံရေးအရ စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းမှု တည်ဆောက်ရေး ကြိုးပမ်းမှုများသည်လည်း မည်သို့မျှ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။
နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုများ အထူးသဖြင့် မျိုးဆက်သစ်လူငယ် လူရွယ်များအနေဖြင့်လည်း ဤကဲ့သို့သော ပကတိအခြေအနေနှင့် အဖြစ်မှန်များကို နားလည်သဘောပေါက်လာကြပြီး လက်နက်ကိုင် ခုခံတိုက်ပွဲ ဝင်နေကြသည်မှ မျက်ဝါးထင်ထင် တွေ့ရှိနေကြရပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကရင်အမျိုးသားများ၏ အခွင့်အရေးများနှင့် မိမိတို့ အမျိုးသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတးအဆီး ဖြစ်နေသည့် မတရားသည့် နိုင်ငံရေးစနစ်များကို မမှိတ်မသုန်တွန်းလှန်တိုက်ဖျက် ကြရမည်ဟုလည်း KNU ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ကရင်အမျိုးသားအယောက်စီတိုင်းက ကျရာကဏ္ဍ အသီးသီးတွင် ကရင်အမျိုးသားများ၏ ဘ၀အနာဂတ် လှပရေးနှင့် မိမိတို့ အမျိုးသးများ၏ ဂုဏ်အင်္ဂါ လက္ခဏာရပ်များကို တိုက်ခိုက်ဖျက်ဆီးလာမည့် ရန်သူအမျိုးအပေါင်းမှ ခုခံတွန်းလှန်ကြရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။


















































