Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားလေယာဉ်တွေ ချဉ်းကပ်လာလို့ တောင်ကိုရီးယားက တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ရ

နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်ထဲကို ရုရှားလေယာဉ်တွေ ဝင်ရောက်လာတာကြောင့် တောင်ကိုရီးယားက တိုက်လေယာဉ်တွေ အရေးပေါ် စေလွှတ်ပြီး စောင့်ကြည့်စေခဲ့ရပါတယ်။

ဓာတ်ပုံ - AP/File

နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်ထဲကို ရုရှားလေယာဉ်တွေ ဝင်ရောက်လာတာကြောင့် တောင်ကိုရီးယားက တိုက်လေယာဉ်တွေ အရေးပေါ် စေလွှတ်ပြီး စောင့်ကြည့်စေခဲ့ရပါတယ်။

တောင်ကိုရီးယားရဲ့ အဆိုအရ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းတုန်းက အရေအတွက် အတိအကျ မသိရတဲ့ ရုရှားလေယာဉ်တွေဟာ ဂျပန်ပင်လယ်ပြင်မှာ သတ်မှတ်ထားတဲ့ တောင်ကိုရီးယားရဲ့ လေကြောင်းကာကွယ်ရေး ဆန်းစစ်မှုူ ဇုန်နယ်မြေ (KADIZ)ထဲ ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့်လည်း တောင်ကိုရီးယား စစ်တပ်ဟာ လုပ်ထုံးလုပ်နည်းတွေအတိုင်း တိုက်လေယာဉ်တွေ ပျံတက်စေခဲ့ပြီး နောက်တော့ ရုရှားလေယာဉ်တွေ ပြန်လည် ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းကာကွယ်ရေး ဇုန်ဆိုတာဟာ နိုင်ငံတစ်ခုရဲ့ လေပိုင်နက် အပြင်ဖက်က နိုင်ငံတကာ လေပိုင်နက်၊ ဒါမှမဟုတ် ပင်လယ်ပြင်အထက်မှာ သတ်မှတ်ထားတဲ့ ဧရိယာပါ။ တကယ်လို့ မသင်္ကာစရာ လေယာဉ်တစ်စီး ချဉ်းကပ်လာရင် သက်ဆိုင်ရာ နိုင်ငံရဲ့ တိုက်လေယာဉ်တွေက ပျံတက်ပြီး ချဉ်းကပ်လာတဲ့ လေယာဉ်ရဲ့ ရည်ရွယ်ချက်ကို ဆန်းစစ်နိုင်ဖို့ အဲဒီဇုန်ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတစ်ခုက ပိုင်ဆိုင်တဲ့ လေပိုင်နက် မဟုတ်ဘဲ အချုပ်အခြာ အာဏာ ပိုင်နက်နဲ့ နိုင်ငံတကာ လေပိုင်နက်ကြားက ဇုန်နေရာမျိုးကို ဆိုလိုတာပါ။

KADIZထဲ မရောက်ခင် ကတည်းက ရုရှားလေယာဉ်တွေကို ထောက်လှမ်းမိခဲ့ကြောင်း၊ ဒါကြောင့်လည်း သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း လေတပ် တိုက်လေယာဉ်တွေကို ချက်ချင်း ပျံတက်စေခဲ့ပြီး အရေးပေါ် ကြုံလာနိုင်တဲ့ အခြေအနေ တစ်ခုခုအတွက် အသင့်ကြိုပြင်ထားခဲ့ကြောင်း တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဌာနချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားလေယာဉ်တွေဟာ KADIZထဲ ဝင်ရောက်ခဲ့ပေမယ့်လည်း တောင်ကိုရီးယား လေပိုင်နက်ထဲတော့ မကျူးကျော်ခဲ့ဘူးလို့ တောင်ကိုရီးယားက အတည်ပြုခဲ့ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ဟာ ပြီးခဲ့တဲ့ လပိုင်းတွေမှာ တရုတ်နဲ့ ရုရှား လေယာဉ်တွေရဲ့ ဒေသတွင်း ကင်းလှည့်ပျံသန်းမှုတွေ၊ အုပ်စုဖွဲ့ ပျံသန်းမှုတွေကို အလေးထား စောင့်ကြည့်နေရပါတယ်။

ဇွန်လတုန်းကလည်း တရုတ်နဲ့ ရုရှား စစ်လေယာဉ် ၁၀ စီးလောက်ဟာ KADIZထဲ ဝင်ရောက်လာခဲ့တာကြောင့် တောင်ကိုရီးယား တိုက်လေယာဉ်တွေ ချက်ချင်း ပျံတက်ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း ဂျပန်နဲ့ ရုရှား လေယာဉ်တွေက လေပိုင်နက် ကျူးကျော်တာမျိုးတော့ မရှိခဲ့ပါဘူး။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရုတ်က ထုတ်ပြန်ရာမှာတော့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဂျပန်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်နဲ့ ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်းမှာ ရုရှားနဲ့ ပူးပေါင်းပြီး မဟာဗျူဟာမြောက် ကင်းလှည့်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ တောင်ကိုရီးယား အကြောင်းကိုရော၊ လေကြောင်းကာကွယ်ရေး ဇုန်အကြောင်းကိုပါ တရုတ်က ထည့်သွင်းရည်ညွှန်းတာမျိုး မရှိခဲ့ပါဘူး။

ကိုးကား: AFP

ဆက်စပ်သတင်းများ

Facebook