ကျားဖြန့်ငွေလိမ်ဂိုဏ်း တစ်ခုနဲ့ ပတ်သက်ဆက်နွှယ်သူ ၁၈၀ ကျော်ကို ဗီယက်နမ် တရားရုံး တစ်ခုက နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့ကြောင်း သိရပါတယ်။
အဲဒီဂိုဏ်းဟာ ရင်းနှီးမြှုပ်နှံမှု အတုအယောင်တွေ ဖန်တီးပြီး သားကောင်တွေက ငွေကြေးထည့်ဝင်လာအောင် ပစ်မှတ်ထား သိမ်းသွင်းတဲ့ ဆိုက်ဘာ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြောင်း တရားရုံး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ ဟနွိုင်းမြို့ရဲ့ တရားရုံး တစ်ခုဟာ စွဲချက်တင် ခံရသူ ၁၈၈ ဦးထဲက အများစုကို ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ပြီး ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ ထောင်ချခံရသူတွေထဲမှာတော့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကြား ပြိုင်ဆိုင်ကြရတဲ့ ရုပ်မြင်သံကြား အစီအစဉ် တစ်ခုရဲ့ လူသိများတဲ့ celebrity ရင်းနှီးမြှုပ်နှံရေးသမား တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။
တရားရုံး မှတ်တမ်းမှတ်ရာတွေအရ အဲဒီဂိုဏ်းဟာ နစ်နာသူ ၉၀၀ ကျော်ဆီကနေ စုစုပေါင်း ဒေါ်လာ သန်း ၆၀ လောက်ကို လိမ်လည်လှည့်စား ရယူခဲ့ကြောင်း သိရပါတယ်။ ပြစ်မှုထင်ရှားသူ အများစုဟာ ထောင်ဒဏ် ၁၀ နှစ်အထက် ကျခံရပြီး Mr Pipsလို့ နာမည်ပြောင် အသိများသူ ဂိုဏ်းခေါင်းဆောင် ဖိုဒက်နမ်၊ သူ့ရဲ့ အဓိက လက်ရုံး Mr Hunterလို့ခေါ်တဲ့ လီခက်ငိုတို့ နှစ်ယောက်ကတော့ ထောင်ဒဏ်တစ်သက် ကျသွားတယ်လို့ အမည်မဖော်လိုတဲ့ တရားရုံး စာရေးက ပြောကြားခဲ့ပါတယ်။

Public Service Announcement
ဗီယက်နမ် တရားရုံးဟာ အဲဒီဂိုဏ်းရဲ့ အမှုကို တရားဝင် စတင်ကြားနာ စစ်ဆေးပြီး နှစ်ပတ်အတွင်း စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။ အဲဒီဂိုဏ်းဟာ ၂၀၁၉ မှာ စတင်လည်ပတ်လာခဲ့ပြီး နိုင်ငံတကာ ငွေကြေး လဲလှယ်မှုဌာနတွေ၊ နိုင်ငံတကာ လုံခြုံရေး ကုန်သွယ်မှု ပလက်ဖောင်းတွေ၊ လူမှု ရင်းနှီးမြှုပ်နှံငွေ အဖွဲ့တွေထဲကိုပါ ဂိုဏ်းသားအင်အား ၁၇၀၀ လောက်ထိ ဖြန့်ကျက် ထည့်သွင်းထားကြောင်း သိရပါတယ်။
အဲဒီဂိုဏ်းဝင်တွေဟာ အွန်လိုင်းမှာ အုံလိုက်ကျင်းလိုက် ချိတ်ဆက် လှုပ်ရှားကြပြီး တစ်ဦးချင်းစီက အောင်မြင်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအဖြစ် ဟန်ဆောင်ရင်း သားကောင် ဖြစ်လာနိုင်သူတွေကို ရှာဖွေ သိမ်းသွင်းကြပါတယ်။
အစိုးရ ရှေ့နေတွေကတော့ တချို့ နစ်နာသူတွေဟာ ငွေလိမ်ခံရလို့ အကြွေးတွေ ထိုးဆပ်ဖို့ ရှိသမျှ ရောင်းချရင်း ဘဝပါ ပျက်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီဂိုဏ်းနဲ့ ဆက်စပ်နေပြီး ပြည်တွင်းမှာ ‘ငါးမန်းဘင်’လို့ ခေါ်တဲ့ လူသိများတဲ့ ရင်းနှီးမြှုပ်နှံသူ ငုယန်ဟိုဘင်ဟာလည်း ငွေကြေးခဝါချမှု စွပ်စွဲချက်အတွက် ထောင် ၁၀ နှစ် ကျခဲ့ပါတယ်။ သူဟာ ဗီယက်နမ်ရဲ့ လူသိများတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရုပ်မြင်သံကြား အစီအစဉ် Shark Tank Vietnamမှာ ပါဝင်နေသူ တစ်ဦး ဖြစ်ပါတယ်။
ဗီယက်နမ်ရဲ့ Alibaba ကုမ္ပဏီလို့ တင်စားခံရဖူးတဲ့ NextTechကို ထူထောင်ခဲ့သူ ဘင်ဟာ ရင်းနှီးမြှုပ်နှံသူ ၃၀၀၀၀ လောက်ရဲ့ ခရစ္စတို ငွေကြေးတွေကို ပိုင်ရှင်တွေ မသိဘဲ လက်လွှဲရယူသွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အတွက်လည်း သီးခြား အမှုရင်ဆိုင်နေရပါတယ်။
အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့မှာ ၂၀၂၅ ခုနှစ်အတွင်း ကျားဖြန့်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ နစ်နာဆုံးရှုံးမှု တန်ဖိုးဟာ ဒေါ်လာ ၁၁၄ ဘီလီယံထိ များပြားခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ဒီပမာဏဟာ ၂၀၂၃ နဲ့ယှဉ်ရင် သုံးဆ တိုးလာတာ ဖြစ်ပါတယ်။
ကိုးကား: AFP


























































