ပိတ်ဆို့အရေးယူမှု တစ်ခုကို တုံ့ပြန်တဲ့ အနေနဲ့ မြောက်ကိုရီးယားဟာ ဆွစ်ဇာလန် သံရုံးကို ပိတ်သိမ်းစေပြီး သံရုံး အကြီးအကဲကိုပါ နှင်ထုတ်လိုက်ကြောင်း သိရပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆွစ်ဇာလန် သံရုံးအကြီးအကဲ အက်ဆီတာ ဆီလ်ဗိန်းကို မလိုလား၊ မကြိုဆိုအပ်သူအဖြစ် သတ်မှတ်ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ပြီးတော့ သံရုံးကို ပိတ်သိမ်းဖို့နဲ့ ၄၈ နာရီအတွင်း သံရုံးအကြီးအကဲ ထွက်ခွာသွားဖို့လည်း ညွှန်ကြားခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနကတော့ အခုဆုံးဖြတ်ချက်ဟာ ဆွစ်ဇာလန်က မြောက်ကိုရီးယားရဲ့ ဆွန်ဒိုဝမ် နိုင်ငံတကာ ကလေးသူငယ် စောင့်ရှောက်ရေး စခန်းကို ပိတ်ဆို့ အရေးယူမှု စာရင်းထဲ ထည့်သွင်းခဲ့တာကြောင့် လက်တုံ့ပြန်တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ရုရှားဟာ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ ယူကရိန်း နယ်မြေတွေထဲက ကလေးငယ်တွေကို မြောက်ကိုရီးယားဆီ ပို့ဆောင်နေပြီး အဲဒီလုပ်ငန်းစဉ်မှာ ကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝန်ဆန်မြို့မှာရှိတဲ့ ကလေးသူငယ် စောင့်ရှောက်ရေး စခန်းကို ဆွစ်ဇာလန်က ပိတ်ဆို့ အရေးယူခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အဲဒီစခန်းမှာတော့ ယူကရိန်း ကလေးငယ်တွေကို ရုရှားလိုလားတဲ့ အတွေးအခေါ်တွေ ရိုက်သွင်းပေးနေတယ်လို့ ဆွစ်ဇာလန်က ပြောပါတယ်။ နိုဝင်ဘာ ၂၄ ရက်မှာတော့ မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က ဆွစ်ဇာလန်ရဲ့ ပိတ်ဆို့ အရေးယူမှုအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန် ဝေဖန်ခဲ့သလို မြောက်ကိုရီးယားရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာတဲ့ ရန်လိုတဲ့ လုပ်ရပ်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ဆွစ်ဇာလန် သံရုံးအကြီးအကဲကို မြောက်ကိုရီးယားက နှင်ထုတ်လိုက်တာပါ။
ဆွစ်ဇာလန်ဟာ မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းမှာ တရားဝင် သံအမတ်ကြီး မထားရှိဘဲ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ အခြေစိုက် သံရုံးကနေ စေလွှတ်တဲ့ သီးသန့် သံရုံး(ခွဲ) အကြီးအကဲကိုပဲ ခန့်အပ်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားချိန်ကစလို့ မြောက်ကိုရီးယားက နယ်စပ်တွေကို ၆ နှစ်လောက် တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားခဲ့တာကြောင့် ဆွစ်ဇာလန် သံရုံးကိုလည်း ကာလရှည်ကြာ ပိတ်ထားခဲ့ပြီး အောက်တိုဘာ ၁၉ ရက်နေ့ကမှ ပြန်လည် ဖွင့်လှစ်ထားတာပါ။ အခုတော့ သံရုံးဖွင့်ပြီး တစ်လကျော် အကြာမှာပဲ နောက်တစ်ခါ ထပ်ပြီး ပိတ်လိုက်ရတာ ဖြစ်ပါတယ်။
ကိုးကား: Reuters
























































