မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန် ခဲယမ်း (UXO)တွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံး နိုင်ငံအဖြစ် မြန်မာက ဆက်လက် ရပ်တည်နေကြောင်း သိရပါတယ်။
၂၀၂၅ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ UXOကြောင့် ထိခိုက်သေဆုံးသူ ၁၈၉၁ ဦးထိ ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံ အားလုံးထဲမှာ အများဆုံးလို့ မြေမြှုပ်မိုင်း စောင့်ကြည့်မှု အစီရင်ခံစာ ၂၀၂၆ (Landmine Monitor 2026)ထဲမှာ ဖော်ပြထားပါတယ်။ ဒါဟာ အခုလို စိတ်မချမ်းမြေ့စရာ စာရင်းအချက်အလက်မှာ မြန်မာရဲ့ ၃ နှစ်ဆက်တိုက် ဦးဆောင်မှု အနေနဲ့လည်း မှတ်တမ်းဝင်စေခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှုအဖွဲ့ (ICBL)က ထုတ်ပြန်တဲ့ အဲဒီ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ UXOကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်ဟာ ၂၀၂၂ မှာ ၅၄၅ ဦး၊ ၂၀၂၃ မှာ ၁၀၀၃ ဦး၊ ၂၀၂၄ မှာ ၂၀၂၉ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၄ နဲ့ယှဉ်ရင် ၂၀၂၅ ခုနှစ်မှာ အရေအတွက် နည်းနည်း ကျသွားပေမယ့် ကမ္ဘာ့ဦးဆောင် နိုင်ငံဆိုတဲ့ မလိုလားချင်စရာ နေရာကနေတော့ အပြောင်းအလဲ မဖြစ်ခဲ့ပါဘူး။
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း အရှိန်မြင့်လာတဲ့ ပြည်တွင်းစစ်မှာ မြန်မာစစ်တပ်ဟာ စစ်စခန်းတွေ၊ ကင်းစခန်းတွေ၊ ဆက်သွယ်ရေး တာဝါတိုင်တွေ၊ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ၊ ရေနံပိုက်လိုင်းတွေနားမှာ မိုင်းတွေ ထောင်ထားကြောင်း အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)နဲ့ တခြားတော်လှန်ရေး အင်အားစုတွေကလည်း မြေမြှုပ်မိုင်း အသုံးပြုမှုတွေ ရှိနေတာကို ICBLက မှတ်တမ်းတင်ထားပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာလည်း မြေမြှုပ်မိုင်း အန္တရာယ်က ဆက်လက် မြင့်တက်နေပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ထိ ကာလအတွင်း နယ်စပ်တလျှောက်မှာ မိုင်းပေါက်ကွဲမှု ဖြစ်စဉ် ၄၀ ကျော် ရှိခဲ့ပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ရဲ့ မှတ်တမ်းတွေကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြထားခဲ့ပါတယ်။
ထိခိုက်သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေလည်း ပါဝင်ခဲ့တယ်လို့ BGBက ဆိုပါတယ်။ နယ်စပ်နားမှာ တိရစ္ဆာန်ကျောင်းသူတွေ၊ ကုန်သွယ်ရေး လုပ်သူတွေ၊ ဒေသခံ တောင်သူတွေဟာ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ အရမ်းနီးနီးကပ်ကပ် ရှိနေတယ်လို့ ဆိုပါတယ်။
အခုနှစ် အလယ်ပိုင်းမှာ မိုင်းကြောင့် ထိခိုက်သေကြေမှုတွေ ပိုမိုများပြားလာပြီး AA အပါအဝင် နယ်စပ်အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့တချို့က မိုင်းတွေ တိုးမြှင့်ပြီး ထောင်နေတာနဲ့ ဆက်စပ်နိုင်ကြောင်းလည်း အစီရင်ခံစာက သုံးသပ်ထားပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းက မိုင်းထောင်သလဲ ဆိုတာကို အတိအကျ မသုံးသပ်နိုင်တဲ့ ထိခိုက်သေကြေမှု ဖြစ်စဉ်တွေကိုလည်း တွေ့ခဲ့ရပါတယ်။
မြန်မာ အပါအဝင် အရှေ့တောင်အာရှ ဒေသဟာ ကမ္ဘာပေါ်မှာ UXOကြောင့် သေဆုံးမှု စုစုပေါင်းရဲ့ ၂၇ ရာခိုင်နှုန်း ခွဲတမ်းရှိနေတဲ့ နယ်မြေ ဖြစ်လာတယ်လို့လည်း ICBLက ပြောပါတယ်။ ထိုင်း-မြန်မာ၊ ထိုင်း-မလေးရှား၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွေမှာ မြေမြှုပ်မိုင်း အန္တရာယ်တွေ ရှိနေဆဲ ဖြစ်သလို ကမ္ဘောဒီးယားမှာလည်း UXOတွေ ကြွင်းကျန်နေဆဲပါ။ ဗီယက်နမ် စစ်ပွဲကာလတုန်းက ကြဲချခဲ့ပြီး မပေါက်ကွဲဘဲ တိမ်မြုပ်နေတဲ့ ဗုံးတွေကတော့ လာအိုနိုင်ငံ အနှံ့မှာ ပျံ့နှံ့ တည်ရှိနေဆဲလို့လည်း သိရပါတယ်။
အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံထဲမှာ ၇ နိုင်ငံကသာ မြေမြှုပ်မိုင်း တားမြစ်ရေး အော့တဝါ စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးထားပြီး မြန်မာ၊ လာအို၊ ဗီယက်နမ်နဲ့ စင်ကာပူတို့ကတော့ အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်သေးပါဘူး။
ကိုးကား: Asia News


























































