နိုဝင်ဘာ-၂၇၊၂၀၂၆။နေ့သစ်/People’s Spring
မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာရှိတဲ့ အင်ရုံကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ အများအပြားသေဆုံးထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က နိုဝင်ဘာ ၂၆ရက် နေ့လည်ပိုင်းမှာ စာသင်ကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သူ ၅၀ထက်မနည်းရှိခဲ့တာလို့ဆိုပါတယ်။
“သေတာများတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်တပ်က တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ သေဆုံးထိခိုက်အရေအတွက် အတိအကျ မသိရဘဲ အလောင်းတွေ မကောက်ရဲဖြစ်နေတယ်လို့ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ဆရာမတယောက်လည်းလက်ပြတ်သွားတယ်လို့ဆိုပါတယ်။

Public Service Announcement
“၅၀လောက်ရှိလောက်တယ်။အလောင်းတွေစုတာ ဘယ်သူမှသွားမလုပ်ရဲဘူး။” လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုအပြီး စစ်တပ်က ထပ်မံ တိုက်ခိုက်တာတွေလုပ်နေလို့ ဒေသခံတွေ တိမ်းရှောင်နေကြရတာလည်း ရှိတယ်လို့ ပြောပါတယ်။
အခြား သတင်းရင်းမြစ်တစ်ဦးကလည်း စစ်တပ်ဟာ နိုဝင်ဘာ၂၆ရက် နေ့လယ်၂နာရီလောက်က လေယာဥ်နဲ့ ဗုံးနှစ်လုံးကြဲချခဲ့လို့ ကလေးအယောက်၃၀အပါ အ ဝင်သေဆုံးသူ ၄၀နီးပါးရှိတယ်လို့ ပြောပါတယ်။
အဲဒီမှာစစ်ပွဲဖြစ်တာမရှိပဲ ကျောင်းစာသင်ချိန်မှာ ရုတ်တရက်ဗုံးကြဲခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူများခဲ့သလို ဒဏ်ရာရသူ ၅၀လောက်ရှိပေမယ့် စစ်တပ်ကရွာထဲကသူတွေအပြင်ထွက်ခွင့်မပေးသလို အပြင်က လူမူကူ ညီရေးလုပ်သူတွေကို ဝင်ရောက်ကယ်ထုတ်မပေးပဲ ပိတ်ထားတယ်လို့ အောင်လံခရိုင်က သတင်းရင်းမြစ်က ပြောပါတယ်။
” အခြေအနေအတော်ဆိုးနေတယ်။ ထိခိုက်ဒဏ်ရာရသူတွေဆေးဝါးကုသခွင့်မရလို့ စိုးရိမ်စရာဖြစ်ရတယ်။ ရွာနီးချုပ်ကသူတွေ ဖြတ်သန်းသွားလာခွင့်မပေးဘူး။ ဆက်သွယ်ရေးလိုင်းတွေဖြတ်ခံထားရတယ် ” လို့ သူကပြောပါတယ်။
အဲဒီကျေးရွာစာသင်ကျောင်းမှာ တန်ဆောင်တိုင်ရက်ရှည်ပိတ်ရက်ပြီးလို့ ပြန်ဖွင့်တာနှစ်ရက်ပဲရှိသေးချိန်မှာ အခုလိုဗုံးကြဲတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
” ဗုံးတည့်တည့်ထိမှန်တာ။ သေဆုံး၊ ဒါဏ်ရာရတာတအားများတာကို စစ်တပ်ကသတင်းဖုံးဖိထားတယ်။ ကျတော်တို့တောင် တခြားရွာနီးစပ်တွေကိုမေးမြန်းစုံစမ်းပြီး အခြေအနေစောင့်ကြည့်နေရတယ် ” လို့ ဒေသခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အင်ရုံကျေးရွာမှာ PDF ရဲဘော်တွေအခြေချထားတာမရှိပဲ လမ်းကြောင်းသင့်လို့ တခါတလေ ဖြတ်သွား၊ဖြတ်လာလောက်ပဲရှိတာလို့ ဒေသခံတွေက ပြောပါတယ်။


























































