နိုဝင်ဘာ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဗိုလ်စောထီးမူးဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင် ၂၄ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(K.N.L.A) တပ်မဟာ(၉) တပ်ရင်း(၁၂)ထံသို့ လက်နက်ချအလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၆ရက်မှာ ဗိုလ်စောထီးမူးနဲ့ KTLA တာဝန်ရှိသူတွေ၊ တပ်ခွဲ ၂ခု အပါအဝင် တပ်သား စုစုပေါင်း ၂၄ဦး ဟာ လက်နက် ၁၈လက်နဲ့အတူ အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။
“ကျနော်တို့က ကော်လာဖိုး(KTLA ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ကော်လာဖိုး)ကို ရှင်းဖို့အတွက် စစ်ဆင်ရေးတွေလုပ်တော့ သူတို့ရဲ့ လမ်းတွေအကုန်လုံးပိတ်ဆို့တာပေါ့။ အဲဒါကို သူတို့လည်း ရိက္ခာတွေပြတ်တယ်။ ထွက်ပေါက်လည်းမရှိတော့ဘူး သူတို့ရဲ့ နောက်ဆုံးထွက်ပေါက်က သူတို့ ပြန်ပြီး အလင်းဝင်တဲ့ပုံစံပဲ” လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က KTLA တပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်လာမှု အခြေအနေကို ပြောပါတယ်။

Public Service Announcement
အကယ်၍ အလင်းမဝင်ပါကလည်း KTLA ရဲဘော်တွေ ရိက္ခာနဲ့ လက်နက်ခဲယမ်း ပြတ်တောက်တာတွေရှိလာမယ်လို့ ပြောပါတယ်။
“ ကော်လာဖိုးလည်း သူတို့ကို မထောက်ပံ့ပေးနိုင်ဘူး။ အဲဒါကြောင့် သူတို့ရဲ့ အကောင်းဆုံးရွေးချယ်မှုကတော့ KNU အဖွဲ့အစည်းလက်အောက်ခံ ဖြစ်တဲ့ KNLA တပ်ဆီ ပြန်ပြီး အလင်းဝင်ခိုလှုံတဲ့ သဘောပေါ့” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဗိုလ်ကော်လာဖိုးရဲ့ KTLA ဟာ KNLA တပ်မဟာ(၄)နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအချို့ အပါအဝင် KNLA ရဲဘော်တွေ ကျဆုံးထိခိုက်တွေရှိခဲ့ပါတယ်။ KNLAနဲ့ တော်လှန်ရေးအင်အားစုတွေ အရပ်သားတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကော်လာဖိုးရဲ့ KTLAကို စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အခုနှစ်ဆန်းမှာ ကြေညာခဲ့ပါတယ်။
အခုလို KTLA ရဲဘော်တွေ လက်နက်ချအလင်းဝင်တာရှိသလို KNLA နဲ့ အတူပူးပေါင်းပြီး စစ်တပ်ကို တိုက်နေတဲ့ KTLA တပ်မှူးအချို့ဟာလည်း KNLA နဲ့ ပူးပေါင်းတာမျိုးရှိခဲ့ပါတယ်။
စက်တင်ဘာ ၂၁ရက်ကလည်း KTLA ဆာကပေါ် တပ်ရင်း ဗိုလ်စောအဲဖိုးနဲ့ တာဝန်ရှိသူတွေ တပ်သားတွေ စုစုပေါင်း ၂၅ဦးဟာ KNLA နဲ့ ပြန်ပူးပေါင်းလာလို့ KNU မြိတ်ထားဝယ်ခရိုင်က အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။
KNLA ဦးဆောင်မှုအောက်သို့ ပြန်လည်ဝင်ရောက်လာသော ဆာကပေါ်တပ်ရင်းခေါင်းဆောင်များကိုတော့ ခရိုင် တာဝန်ရှိသူတွေက ဂုဏ်ပြုဆုပေးအပ်ခဲ့ပြီး KTLA တပ်ဖွဲ့ လက်မောင်းတံဆိပ်(badge) မှ K.N.L.A တပ်ဖွဲ့ လက်မောင်းတံဆိပ် (badge) သို့ ပြောင်းလဲတပ်ဆင်ပေးတာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆာကပေါတပ်ရင်းကတော့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်နေတာပါ။ အဲဒီတ KTLA ဆာကပေါတပ်ရင်းကို အဖွဲ့မှ ဖယ်ထုတ်ဖျက်သိမ်းလိုက်ကြောင်း ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA)က ဩဂုတ် ၂၈ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့သလို ဆာကပေါတပ်ရင်း တပ်ရင်းမှူး ဗိုလ်အဲဖိုးကို ထုတ်ပယ်ကြောင်းလည်း KTLAက ဩဂုတ် ၁၇ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
KTLA ကို ဗိုလ်နယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဗိုလ်နယ်ဒါးမြဟာ အရင်က KNU လက်အောက်ခံတပ်ဖွဲ့တခုဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ရဲ့ စစ်ဦးစီးချုပ်ဖြစ်ဖြစ်ပေမဲ့ မြ၀တီမြို့နယ် ဝေါ်လေဒေသမှာ အရပ်သားများ သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNUရဲ့ စုံစမ်းစစ်ဆေးမှု မခံယူဘဲ KTLAကို ဖွဲ့စည်းခဲ့တာကြောင့် ၂၀၂၂ နှစ်လယ်ပိုင်းမှာ အဖွဲ့ကနေ ထုတ်ပယ်ခံရသူဖြစ်ပါတယ်။
အဲဒီ KTLA အဖွဲ့တွေထဲက KNU မြိတ်ထားဝယ်ခရိုင်ထဲက ဗိုလ်ကော်လာဖိုးရဲ့ တပ်ဖွဲ့က KNLA တပ်မဟာ(၄)နဲ့ တော်လှန်ရေးတပ်တွေကို ခြုံခိုတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။ ဗိုလ်ကော်လာဖိုးဟာ စစ်တပ်ထံကို နှစ်ကြိမ်တိုင်တိုင် လက်နက်ချ အလင်းဝင်ခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းမှု အပြီးနောက်ပိုင်း ထပ်မံ ပေါ်ပေါက်လာကာ KNLAနဲ့ ပြဿနာတွေ ဖြစ်ပွားခဲ့တာပါ။


























































