နိုဝင်ဘာ-၂၇၊၂၀၂၆။တေဇ/People’s Spring
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ခြောက်ဘီးကား ၁စီး ဘရိတ်ပေါက်ပြီ ဈေးဆိုင်ကို ဝင်တိုက်ခဲ့တာကြောင့် ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက် သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။
ဒီနေ့ (နိုဝင်ဘာ၂၇) နေ့လည် ၁ နာရီလောက်က မော်လမြိုင်-မုဒုံကားလမ်းမပေါ် စမ်းကြီးရပ်မှာရှိတဲ့ ရွှေဂျူးစံ Mini Mart ကို ခြောက်ဘီးကား ဘရိတ်ပေါက်ပြီး ဝင်တိုက်ခဲ့တာလို့ ရာမညအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။
ယာဉ်တိုက်မှုကြောင့် ခြောက်ဘီးကားရဲ့ အရှေ့ခန်းနောက်လန်ကျသွားပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က အခင်းနေရာမှာသေဆုံးသွားတာလို့ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကလည်း ကားခေါင်းခန်းမှာ ညပ်နေတဲ့ယာဉ်မောင်းကို ကယ်ဆယ်တဲ့ ဗီဒီယိုဖိုင်နဲ့အတူတင်ထားပါတယ်။

Public Service Announcement
ကားထဲမှာညပ်နေသူတွေကို အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေက ခက်ခက်ခဲခဲ ကယ်ထုတ်နေတာကို ဗီဒီယိုဖိုင်တွေမှာတွေ့မြင်ရပါတယ်။
ကားခေါင်းခန်းနောက်လန်ကျတာက ကားခေါင်းနဲ့ကိုယ်ထည်တွဲထားတဲ့ ချိတ်မမိတာကြောင့်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ထားကြပါတယ်။
“ကားကြီးသမားတွေကိုပြောချင်မိတာကတော့ အသေအသေမမောင်းကြပါနဲ့လို့။ highway လမ်းတွေနဲ့ လမ်းကြပ်တဲ့ မော်လမြိုင် မြို့ရှောင်လမ်းမှာဆို တချို့ကားကြီးသမားတွေ အရှိန်မလျော့အသေမောင်းတာ တော်သေးတာပေါ့ တခြား ဘယ်ဆိုင်ကယ်ဘယ်သူမှ မထိခိုက်သွားတာပဲ ကျေးဇူးတင်ရမယ်” လို့ ဒေသခံတစ်ဦးက ဒီဖြစ်စဉ်အပေါ် သုံးသပ်ထားပါတယ်။


























































