Connect with us

Hi, what are you looking for?

သတင်း

အာဆီယံယဉ်ကျေးမှုအစည်းအဝေးတွေမှာ စစ်အုပ်စု ဦးဆောင်ခွင့်မပေးဖို့ အရပ်ဖက်အဖွဲ့ ၁၀၀ကျော် တောင်းဆို

အာဆီယံ ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်နဲ့ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခွင့် မပြုဖို့ အဖွဲ့အစည်း ၁၂၁ တောင်းဆိုလိုက်ပါတယ်။

(၂၀၂၄ ခုနှစ် အောက်တိုဘာလက မလေးရှားနိုင်ငံ၊ မလက္ကာမြို့မှာ ကျင်းပခဲ့တဲ့ (၁၁) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးအား တွေ့ရစဥ် ဓါတ်ပုံံ-ASEAN)

နိုဝင်ဘာ-၂၇၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

အာဆီယံ ယဉ်ကျေးမှုနဲ့ အနုပညာဆိုင်ရာ အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်နဲ့ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခွင့် မပြုဖို့ အဖွဲ့အစည်း ၁၂၁ တောင်းဆိုလိုက်ပါတယ်။

​လာမယ့် ဒီဇင်ဘာ ၇ ရက်ကနေ ၁၂ ရက်အထိ မန္တလေးမြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံ ယဉ်ကျေးမှုနဲ့အနုပညာဆိုင်ရာ တာဝန်ရှိဝန်ကြီးများ အစည်းအဝေး (12th AMCA)၊ ၂၂ ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး (22nd SOMCA)တွေမှာ မြန်မာစစ်အုပ်စုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်နဲ့ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခွင့်မပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၁ ဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၇ ရက်မှာ အာဆီယံဆီ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

အာဆီယံအနေနဲ့ ၂၀၂၆-၂၀၂၇ နှစ်သက်တမ်းအတွက် ယဉ်ကျေးမှုဝန်ကြီးများအစည်းအဝေး (AMCA) ဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံကနေ စစ်အုပ်စုဆီ လွှဲပေးဖို့ စီစဉ်ထားတာပါ။ ဒါကို မလွှဲပေးဖို့နဲ့ အစည်းအဝေးတွေကိုလည်း မန္တလေးမှာ မလုပ်ဘဲ လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကို ပြောင်းရွှေ့ကျင်းပဖို့၊ ဒါမှမဟုတ် အွန်လိုင်းကနေပဲ လုပ်ဆောင်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်၊ လက်ရှိ AMCA ဥက္ကဋ္ဌ မလေးရှားနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုဝန်ကြီးတွေဆီ လိပ်မူပြီး တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အာဆီယံရဲ့ ယဉ်ကျေးမှုကဏ္ဍမှာ အဓိက ပံ့ပိုးကူညီနေတဲ့ တောင်ကိုရီးယားနဲ့ ဂျပန် အပါအဝင် ဆွေးနွေးဖက်နိုင်ငံတွေအနေနဲ့လည်း မန္တလေးမှာ စစ်အုပ်စု ဦးဆောင်မယ့် အစည်းအဝေးတွေဆီ ကိုယ်စားလှယ်တွေ မစေလွှတ်ကြဖို့ အိတ်ဖွင့်ပေးစာမှာ တိုက်တွန်းထားပါတယ်။

အဲဒီအစည်းအဝေးတွေကို စစ်အုပ်စုက ပြီးခဲ့တဲ့ ဧပြီမှာမှ ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားတဲ့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (MOCHT) က ဦးဆောင်ကျင်းပဖို့ ရှိနေပါတယ်။ အဲဒီဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်ကမှ ခန့်အပ်ခံထားရတဲ့ ခင်မောင်စိုးဟာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ (USDP) ရဲ့ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဖြစ်သလို အမျိုးသားရေးအစွန်းရောက် ဘုန်းကြီး ဝီရသူ၊ မဘသ အဖွဲ့တွေနဲ့ ဆက်နွှယ်ပတ်သက်မှုရှိသူ ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာက သတိပေးထောက်ပြထားပါတယ်။

အခုလို စစ်အုပ်စုကို ဦးဆောင်ခွင့်ပေးလိုက်ရင် နိုင်ငံတကာရာဇဝတ်မှုတွေကို ဖုံးကွယ်ပြီး ပုံရိပ်ကောင်းအောင် လုပ်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်သွားမယ်လို့ Defend Myanmar Democracy (DMD) ဒါရိုက်တာ ကိုမိုက်(ခ်) က ပြောပါတယ်။

​“လွန်ခဲ့တဲ့ တစ်ပတ်ကပဲ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီ ဂျီနိုဆိုက် ကျူးလွန်ခဲ့တဲ့ စစ်တပ်ရဲ့ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင်ရွေးကောက်ပွဲပြီးကတည်းက တရားဝင်မှုရဖို့ အသည်းအသန် လုပ်ဆောင်နေတာပါ” လို့ သူက ဆိုပါတယ်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်ဆီးပြီး အနုပညာရှင်တွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်အုပ်စုကို ဥက္ကဋ္ဌနေရာ မပေးသင့်ဘူးလို့လည်း ကိုမိုက်(ခ်) က ထောက်ပြပါတယ်။

မန္တလေး အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) က မမေနှင်းကလည်း “အာဆီယံရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုဆိုင်ရာ စင်မြင့်တွေဆိုတာ ပြည်သူလူထုအချင်းချင်း စုစည်းချိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတာပါ။ ဒီလိုစင်မြင့်မျိုးကို စစ်အုပ်စုက သူတို့ရဲ့ ဝါဒဖြန့်ချိရေးအတွက် အသုံးချတာမျိုး၊ သူတို့ကိုယ်တိုင် ဖျက်ဆီးနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် ပုံဖော်ပြသတာမျိုး အလွဲသုံးစားပြုခွင့် မပေးသင့်ပါဘူး” လို့ ပြောပါတယ်။

AFCC အနေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်တုန်းကလည်း ဒီအစည်းအဝေးတွေကို မန္တလေးမှာ မလုပ်ဖို့ ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံတွေဆီ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ပါသေးတယ်။

​အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ကိုနန်းလင်းကတော့ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူကို ကိုယ်စားမပြုတဲ့ တရားမဝင်အဖွဲ့အစည်းသာ ဖြစ်တာကြောင့် အာဆီယံအနေနဲ့ မန္တလေးပြည်သူတွေရဲ့ အသံကို နားထောင်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်သင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ