လေတပ်စခန်း တစ်ခုကို အသုံးပြုပြီး မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူ စစ်မှုထမ်း ၃ ယောက်ကို မလေးရှား စစ်တပ်က စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။
မလေးရှား လေတပ်ထဲမှာ နှစ်တွေနဲ့ချီ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတွေ ရှိနေတယ်လို့ သံသယ ရှိတာကြောင့် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးခဲ့တဲ့ ရလဒ်အဖြစ် အခုလို ဖော်ထုတ် ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။
ကွာလာလမ်ပူ မြို့တော်နားက ဆူဘန် လေတပ်စခန်းမှာ လဆန်းပိုင်းတုန်းက အာဏာပိုင်တွေက မက်သာဖက်တမင်း မူးယစ်ဆေး ၉၆.၆၄ ကီလိုဂရမ်ကို ရှာဖွေ သိမ်းဆည်း ရမိခဲ့တဲ့နောက် သံသယရှိသူ ၁၃ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့မှာတော့ အဲဒီထဲက စစ်မှုထမ်း ၃ ဦး၊ အရပ်သား ၃ ဦးကို မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
စုံစမ်းစစ်ဆေးရေး အရာရှိတွေကတော့ ၂၀၂၄ ခုနှစ် ဩဂုတ်လကစလို့ မလေးရှား လေတပ်စခန်းတွေကို အသုံးပြုပြီး မှောင်ခို သယ်ယူခဲ့တဲ့ မူးယစ်ဆေးဝါး ပမာဏ ၃ တန်ထက်မနည်း ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
မလေးရှားမှာတော့ မူးယစ်မှောင်ခို ရောင်းဝယ်မှုတွေအတွက် ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ပြစ်ဒဏ်တွေအဖြစ် ထောင်ဒဏ် တစ်သက်ကနေ သေဒဏ်ထိ ကြုံရနိုင်ပါတယ်။
စုံထောက်တွေရဲ့ အဆိုအရ ဆူဘန်လေတပ်စခန်းကို ပုံမှန်စစ်ဆေးမှုတွေ ပြုလုပ်တဲ့အချိန် ခရီးဆောင်သေတ္တာ ငါးလုံးနဲ့ တခြားသေတ္တာ တစ်လုံးထဲမှာ ထည့်ထားတဲ့ မူးယစ်ဆေးတွေကို သိမ်းဆည်း ရမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူ ၁၃ ဦးထဲမှာ ၆ ဦးကို စွဲချက်တင်ထားပေမယ့် နောက်ထပ် လေတပ် အမှုထမ်း ၄ ဦးနဲ့ အရပ်သား ၃ ဦးကိုတော့ စွဲချက်မတင်သေးဘဲ ဆက်လက် စုံစမ်း မေးမြန်းနေဆဲပါ။
ဖမ်းခံရသူတွေထဲက တစ်ဦးဟာ လေတပ် လေယာဉ်မှူး တစ်ဦးဖြစ်ပြီး သူဟာ မလေးရှားကျွန်းဆွယ်နဲ့ တောင်တရုတ်ပင်လယ် ခြားပြီးတည်ရှိရာ ဘော်နီယို ကျွန်းပေါ်က ဆာဘားပြည်နယ်ဆီ မူးယစ်ဆေးတွေ သယ်ယူရာမှာ အဓိက တာဝန်ယူသူ တစ်ဦးလို့ ယုံကြည်ရကြောင်း စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။
အခု ဖမ်းဆီးရမိမှုဟာ လေတပ်နဲ့ ရှုပ်ထွေး ဆက်နွှယ်နေတဲ့ မူးယစ်မှောင်ခို ကွန်ရက်ကြီးရဲ့ အဖျားအနားလောက်သာ ရှိနိုင်သေးတယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း လေတပ်ရဲ့ အခြေခံ အဆောက်အအုံတွေကို အသုံးပြုပြီး မူးယစ်ဆေးဝါးတွေ သယ်ယူခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၂၁ ခုကို တာဝန်ရှိသူတွေက စုံစမ်း သိရှိထားကြောင်း မလေးရှား ပြည်ထဲရေး ဝန်ကြီး ဆိုင်ဖူဒင် နာဆူရှန်က လွှတ်တော်ကို နိုဝင်ဘာ ၂၆ ရက်နေ့မှာ အစီရင်ခံ တင်ပြထားခဲ့ပါတယ်။
ကိုးကား: BBC


























































