နိုဝင်ဘာ-၂၇၊၂၀၂၆။မိထက်/People’s Spring
လှိုင်သာယာမြို့နယ်ထဲကဟိုတယ်တွေအပါအဝင် အဆောက်အအုံတွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)ဂိုဏ်းတွေ ရှိနေတာကို သတင်းပေးပေမယ့် စစ်ကောင်စီက အရေးမယူဘဲ အကာအကွယ်ပေးထားတယ်လို့ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးအချိုနဲ့ဒေသခံတွေကပြောပါတယ်။
တရုတ်နိုင်ငံသားပိုင်လုပ်ငန်းအများအပြားရှိနေတဲ့ လှိုင်သာယာမြို့နယ်ထဲမှာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ကျားဖြန့်ငွေလိမ်ဂိုဏ်း ရောက်ရှိလာပြီး အခုအခါမှာတော့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီလို့ ၎င်းတို့ကပြောပါတယ်။
“ကျွန်တော်တို့ သတင်းပေးပေမယ့် မြို့နယ်နဲ့ခရိုင်အဆင့်က အရေးမယူဘူးဗျ။ ကျနော်တို့ကလည်းအမိန့်အတိုင်းလုပ်ရတာ။ သူတို့(မြို့နယ်နဲ့ခရိုင်အဆင့် ထွေအုပ်)ကမကြိုက်ရင် ကျွန်တော်တို့ကိုပြန်ပြီး ဒုက္ခပေးချမှာ။ လှိုင်သာယာထဲမှာက ကျားဖြန့်တွေအများကြီးရှိတယ်”လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက ဒီနိုဝင်ဘာလ၂၇ရက်နေ့မနက်ပိုင်းမှာပြောပါတယ်။

Public Service Announcement
လှိုင်သာယာမြို့နယ်ကို ဖြတ်သွားတဲ့ ရန်ကုန်-ပုသိမ်လမ်းမကြီးနဲ့ ရွှေပြည်သာမြို့နယ်၊ တွံတေးမြို့နယ်တွေနဲ့ချိတ်ဆက်ထားတဲ့ လမ်းမတန်းတွေအပြင် အတွင်းပိုင်းလမ်းတွေမှာ တရုတ်နိုင်ငံသားပိုင်ဟိုတယ်နဲ့အိမ်ခြံမြေလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စက်မှုလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်တွေ အများအပြားရှိနေပါတယ်။ဟိုတယ်နဲ့ အဆောက်အအုံတွေမှာ ကျားဖြန့်လုပ်ငန်းလုပ်ဆောင်နေတဲ့သံသယတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ကျွန်တော်တို့တွေက လူစိမ်းလား လူကျက်လား သိတယ်။ ကျားဖြန့်လုပ်သူတွေကို ကောင်းကောင်းသိတာပေါ့။ ဟိုတယ်တွေကိုဝင်စစ်ကြည့်လိုက်ဗျာ။ တစ်ရက်မစစ်ရဘူးတွေ့လိမ့်မယ်”လို့ လှိုင်သာယာမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
ဒေသခံတွေရဲ့အကူအညီနဲ့ လှိုင်သာယာမြို့နယ်ထဲက ဟိုတယ်အချို့ကို People’s Spring က စုံစမ်းရာမှာလည်း တည်းခိုခကို ပုံမှန်ထက် နှစ်ဆနီးပါး သတ်မှတ်ထားသလို အမြဲလိုလို လူပြည့်နေတယ်လို့သာ ဖြေကြားကြပါတယ်။ အဲ့ဒီအခြေအနေတွေကြောင့် ဒေသခံတွေကပိုပြီးသံသယရှိနေကြပါတယ်။
“ဆီဒိုးနားဟိုတယ်လို ဈေးယူထားတာဗျ။ ရန်ကုန်ထဲက three star ဟိုတယ်တောင် ၁ သိန်းခွဲလောက်ဆိုတည်းလို့ရပေမယ့် လှိုင်သာယာက ဟိုတယ်တွေကတော့ ၂သိန်းခွဲလောက် သတ်မှတ်ထားတယ်။သဘောကတော့အပြင်လူအဝင်မခံချင်လို့ပေါ့ဗျာ။ အခန်းပြတ်တွေ ပေးထားပြီး ကျားဖြန့်လုပ်နေတယ်လို့ပဲထင်တယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
လှိုင်သာယာမြို့ဟာအင်းစိန်၊ မရမ်းကုန်း၊ လှိုင်မြို့နယ်၊ တွံတေးမြို့နယ်၊ထန်းတပင်မြို့နယ်တွေနဲ့ဆက်စပ်နေပါတယ်။စစ်တပ်က ၂၀၂၁ မှာ အာဏာသိမ်းပြီးနောက်ပိုင်းလှိုင်သာယာမြို့နယ်ထဲက ကျူးကျော်တွေကို ရှင်းလင်းပြီး အစိုးရဌာနဆိုင်ရာရုံးတွေ ဆောက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း တရုတ်နိုင်ငံသားပိုင် လုပ်ငန်းတွေလည်း ပိုများလာတာပါ။
၂၀၂၆ ခုနှစ် မေလမှာ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့ကို လာရောက်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်မှာ ကျားဖြန့်လုပ်ငန်းတွေရှိနေပေမယ့် လုံးဝမပြောဘဲ မြို့ဖွံ့ဖြိုးအောင်လုပ်ဖို့ မှာသွားတယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ကပြောပါတယ်။
တရုတ်နိုင်ငံသားပိုင်လုပ်ငန်းတွေအများအပြားရှိတဲ့ လှိုင်သာယာမှာ ကျားဖြန့်လုပ်ငန်းတွေ ရှိနေကြောင်း သတင်းမီဒီယာတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ဖော်ပြနေပေမယ့် စစ်အုပ်စုကဖမ်းဆီးခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်အနည်းငယ်က မရမ်းကုန်းနဲ့ ရန်ကင်းမြို့နယ်ကအိမ်ယာတချို့ကိုစစ်အုပ်စုစီးနင်းခဲ့ပြီး ကျားဖြန့်လုပ်ကိုင်သူ ရာနှင့်ချီပြီး ဖမ်းဆီးခဲ့ပါတယ်။
လှိုင်သာယာမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို ဦးဆောင်လုက်ကိုင်နေသူတွေဟာ ရှမ်းမြောက် နဲ့ ကရင်ပြည်နယ်ရှိကျားဖြန့်လုပ်ငန်းတွေကရွေ့ပြောင်းလာတဲ့ တရုတ်နိုင်ငံသားတွေဖြစ်ပြီး စစ်ကောင်စီအရာရှိ တွေက ငွေကြေးရယူကာကွယ်ပေးထားတာလို့ ဒေသခံပြည်သူတွေက ပြောကြပါတယ်။
ဒါ့အပြင်မြန်မာ-ထိုင်းနယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ အတွင်းပိုင်းဆီ ရွှေ့ပြောင်းသွားပြီး တခြားလုပ်ငန်းတွေ ပုံစံမျိုး အသွင်ယူ လည်ပတ်နေတယ်လို့ လေ့လာစောင့်ကြည့်သူ အမေရိကန် ဥပဒေ ပညာရှင် တစ်ဦးက လည်းအခုရက်ပိုင်းမှာသတိပေးခဲ့ပါတယ်။
အမေရိကန် အစိုးရ ရှေ့နေဟောင်းလည်းဖြစ်ပြီး ငွေကြေးလိမ်လည်မှုတွေနဲ့ ဆက်စပ်ရာဇဝတ်မှုတွေကို စောင့်ကြည့်တဲ့ Operation Shamrockကို ထူထောင်ထားသူ အီရင်ဝက်စ်က ထိုင်း-မြန်မာ နယ်စပ်တလျှောက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့် ခြံဝင်းတွေ ဖြိုချခံလိုက်ရပေမယ့်အဲဒီလုပ်ငန်းတွေ ရပ်ဆိုင်းမသွားဘဲ မြန်မာနိုင်ငံ အတွင်းပိုင်းဆီ နေရာရွေ့သွားတယ်လို့ ပြောကြားခဲ့ပါတယ်။


























































