နိုဝင်ဘာ-၂၇၊ ၂၀၂၆။ နေ့သစ်/People’s Spring
စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ ကန့်ဘလူမြို့နယ်တို့ကို စစ်ကြောင်းထိုးခဲ့တဲ့ တပ်မ၃၃ စစ်ကြောင်း မနေ့က ညပိုင်းမှာ မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ- နန်းတွင်း)ထဲ ဝင်ရောက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
တပ်မ၃၃ စစ်ကြောင်းဟာ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းမှစတင်ကာ အင်းတော်မြို့နယ် ကျောင်းကုန်းကျေးရွာနဲ့ မဲဇာဘက်ကတဆင့် ကောလင်းမြို့နယ်အရှေ့ခြမ်းကို ဝင်ခဲ့ပြီး ဒေသခံပြည်သူ ၁၇ဦးကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
အဲဒီနောက် ကန့်ဘလူမြို့နယ်ကိုပါ ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာ ၂၀ရက်က ၆၀၀၆တပ်ထဲကို ဝင်ရောက်ကာ ရဟတ်ယာဉ်တွေနဲ့ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်(တတက-၁၃)ထဲကို ပြန်ဝင်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement
တွင်းငယ်(တတက-၁၃)ကနေ စစ်ကားတွေ အဆက်မပြတ် မန္တလေးနဲ့ အသွားအပြန်လုပ်နေပြီး မနေ့က ညပိုင်းမှာ တပ်မ၃၃ ဘတ်တံဆိပ်ပါ စစ်ကားတွေ နန်းတွင်းကို ဝင်ရောက်လာတာလို့ သိရပါတယ်။
“ညက ၆စီး(နှစ်ကြိမ်)နဲ့ နောက်တကြိမ်က ဘယ်နှစီးလဲမသိဘူး။ သုံးကြိမ်ပြန်ဝင်ပါတယ်။ ကားတွေမှာ လူတော့ သိပ်မပါဘူး။ တချို့ကားတွေမှာ လူများတာလည်း တွေ့ရပေမယ့် ကားတိုင်းလူအပြည့် တော့မဟုတ်ဘူး”လို့ မျက်မြင် တွေ့သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ တပတ်ခန့်ကပဲ တတက-၁၃က သင်တန်းဆင်းထားတဲ့ စစ်မှုထမ်း (အပတ်စဉ်-၂၈)ကိုလည်း လပခ-နန်းတွင်းထဲ ပို့ထားတယ်လို့ သိရပါတယ်။
စစ်တပ်ဟာ နန်းတွင်းထဲမှာ စုဖွဲ့မှုပြန်လုပ်နေတယ်လို့ သိရပြီး ဒီနေ့ မနက်ပိုင်းမှာ စဉ့်ကူးမြို့နယ်ကနေ မြောက်ဘက်ကို စစ်ကား ၁၆စီး ထပ်မံဖြတ်သန်းသွားတယ်လို့ သိရပါတယ်။


























































