နိုဝင်ဘာ-၂၇၊၂၀၂၆။ကတ်သရင်း/People’s Spring
စစ်ကိုင်းတိုင်း၊မော်လူးမြို့အနီးတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ကားသမား တွေကိုပါ လိုက်လံပစ်ခတ်နေသလို စစ်တပ်ကလက်နက်ကြီးပစ်ခတ်လို့ လယ်သမားတဦးလည်းဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
နိုဝင်ဘာလ၂၆ရက်နေ့ ၊နေ့ခင်းပိုင်းကစပြီး မော်လူးမြို့ နဲ့ နန့်စီးအောင်ဂိတ်ကြားထဲမှာ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး ဆင်းလာတဲ့ ကားသမားတချို့ပါ ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။
“လိုက်အပစ်ခံရတာ။ကံကောင်းလို့ လွတ်လာတာ။ကားတွေထားပြီး ပြေးခဲ့ရတာ။ ဒီနေ့(နိုဝင်ဘာ ၂၇)တော့ကချင်ပြည်နယ်ထဲကို ပြန်ရောက်ပါပြီ”လို့ယာဉ်မောင်းတဦးကပြောပါတယ်။

Public Service Announcement
နိုဝင်ဘာ ၂၆ ရက်မှာတိုက်ပွဲဖြစ်ပြီး ညနေပိုင်းမှစကာ စစ်တပ်က နေ့ရောညပါလေကြောင်းကနေ ဗုံးကြဲတာ ၊ပစ်ကူပေးတာတွေလုပ် နေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ဒါ့အပြင်နိုဝင်ဘာ၂၇ရက်၊မနက်ပိုင်းမှာ မော်လူးမြို့ရှိ တောင်ကျောင်း(ဘုန်းကြီး ကျောင်း)ကို တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လယ်ကွင်းအတွင်း ကျပြီး လယ်ရိတ် နေတဲ့ဒေသခံတောင်သူတဦးကိုထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
“စီပိန်းဘက်မှာတိုက်ပွဲပြင်းနေတယ်လို့ကြားတယ်ဗျ။လေယာဉ်တွေကတော့အခုထိ ဆက်တိုက်ကြဲနေတယ်”လို့ ဒေသခံတဦးက နိုဝင်ဘာ ၂၇ ရက်မှာပြောပါတယ်။
ဒီနေ့ည နေပိုင်းမှာလည်း ထပ်မံတိုက်ပွဲဖြစ် ပွားနေပြီး ည၈နာရီအထိလက်နက်ကြီး၊လက်နက်ငယ်အသံ တွေဆူညံ နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။တိုက်ပွဲအခြေအနေ ကိုတော့ မသိရသေးပါဘူး ။
နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး မော်လူးမြို့အနီးတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု ၊ ဒရုန်း၊လေယာဉ်တွေနဲ့ ဗုံးကြဲမှုတွေကြောင့် ဒေသခံ ၅ ဦးထပ်မနည်း သေဆုံးခဲ့သလို ကားတွေလည်းမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။


























































