မြန်မာ့အာဏာသိမ်းမှုနှစ်ပတ်လည်ခါနီးအထိ နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ၏ တရားဝင် အသိအမှတ်ပြုမှုမရရှိသေးသည့် အကြမ်းဖက်စစ်ကောင်စီက နောက်ဆုံးပေါ် ကြိုးပမ်းမှုအဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို နေပြည်တော်သို့ ဖိတ်ကြားလိုက်သည်။
ကမ္ဘောဒီးယား၏ သက်တော်ရှည်အာဏာရှင်ဟွန်ဆန်သည် နေပြည်တော်သို့ ယနေ့(ဇန်နဝါရီ ၇ ရက်) ရောက်လာပြီး မြန်မာစစ်တပ်၏ တရားမဝင်အာဏာသိမ်းမှု ၁၁ လပြည့်ကျော်ကာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်သည့် ပထမဆုံးပြည်ပအစိုးရခေါင်းဆောင်တစ်ဦးဖြစ်သည်။

ပြည်တွင်း၌ ပြင်းထန်စွာကန့်ကွက်ဆန့်ကျင်မှုကို ရင်ဆိုင်နေရသည့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပ၏ထောက်ခံမှု အထူးသဖြင့် အာဆီယံ၌ ပြန်လည်လူရာဝင်ရန် နည်း လမ်းရှာရာတွင် ပုလင်းတူဗူးဆို့အာဏာရှင် ဟွန်ဆန်ကို နေပြည်တော်သို့ မရမကပင့်ခေါ်သည့် ခရီးစဉ်ဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။
“နိုင်ငံတကာစင်မြင့်မှာ စစ်ကောင်စီရဲ့ ခေါင်းဆောင်ကို အာဆီယံ စင်မြင့်မှာ ဆွဲတင်ဖို့ ရည်ရွယ်ချက်နဲ့ကြိုးစားတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ် ကို မြန်မာပြည်သူလူထုက လုံး၀ဆန့်ကျင်ပါတယ်။ သူ့ရည်ရွယ်ချက်က အောင်မြင်ဖို့ အလား အလာသိပ်ပြီးမရှိပါဘူး” ဟု မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ခရီးစဉ်အပေါ် မှတ် ချက်ပြုသည်။

Public Service Announcement

နေပြည်တော်သို့ ဟွန်ဆန်လာရောက်မည်ဟု သတင်းသဲ့သဲ့စတင်ထွက်ပေါ်ကတည်းက မြန်မာ ပြည်သူများ၊ တော်လှန်ရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများက ၎င်းလာရောက်မည့် အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း တုံ့ပြန်ခဲ့ကြပြီး ခရီးစဉ်အကြောင်း ဟွန်ဆန်ကိုယ်တိုင်ထုတ် ဖော်ပြောကြားအပြီးတွင် ပြင်းထန်စွာ ထပ်မံဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။
နေ့စဉ်ထွက်နေသော ဆန္ဒပြပွဲများတွင်လည်း ဟွန်ဆန်၏ခရီးစဉ်ကို အလိုမရှိကြောင်း ကန့် ကွက်ခဲ့ကြပြီး လူသတ်သမား၊ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆက်ဆံခြင်း မပြုရန် တောင်းဆိုခဲ့ကြသည်။
တော်လှန်ရေးအင်အားစုများပူးတွဲထုတ်ပြန်သော ကြေညာချက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏မြန်မာနိုင်ငံခရီးစဉ်ကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် ‘လူသတ်အကြမ်း ဖက်စစ်ကောင်စီကို အားပေးကူညီမည့် ဟွန်ဆန်’ မြန်မာနိုင်ငံတွင် လုံး၀ခြေချခွင့်မရအောင် နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကန့်ကွက်သွားမည်ဟု ဖော်ပြသည်။ ယင်းသဘောထားကြေညာ ချက်ကို တော်လှန်ရေးအဖွဲ့ ၂၇၃ ဖွဲ့က ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါ ပူးတွဲကြေညာချက်တွင် ဟွန်ဆန်၏ သရုပ်သကန်ကိုလည်း မိတ်ဆက်ထားပြီး ဟွန် ဆန်သည် ၁၉၇၀ ကျော်ကာလက ကမ္ဘောဒီးယားတွင် ခမာနီတပ်မှူးအဖြစ် ‘Killing Fields’ မှတ်တမ်းရုပ်ရှင်ထဲကအတိုင်း အပြစ်မဲ့ခမာပြည်သူသန်းနှင့်ချီ သတ်ဖြတ်ခံရမှုတွင် အဓိက ကျူးလွန်သူအဖြစ် နိုင်ငံတကာက အစိုးရများက ရှုမြင်ခံရသူဟု ဆိုထားသည်။
မြန်မာပြည်သူလူထု၏ လမ်းပေါ်ထွက်ဆန္ဒပြပွဲများနှင့် အွန်လိုင်းကမ်းပိန်းများတွင် နောက်ထပ် ‘Killing Fields’ အလိုမရှိကြောင်း ဟွန်ဆန်၏ပုံကို ကြက်ခြေခတ်ထားသည့် ပိုစတာများဖြင့် ၎င်း၏ ခရီးစဉ်ကို ကန့်ကွက်ခဲ့ကြသည်။
ပြည်သူလူထုနှင့် နိုင်ငံရေးအကဲခတ်များ၏ အမြင်တွင် ဟွန်ဆန်သည် တရုတ်အစိုးရ၏လက်ဝေခံနောက်လိုက်တစ်ဦးဖြစ်သည့်အပြင် အာဏာကို အလွန်အမင်းတပ်မက်ပြီးမဲလိမ်၊ မဲခိုး၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရာထူးကို ကလိမ်ကကျစ်နည်းပေါင်းစုံဖြင့် ရာသက်ပန်သိမ်းပိုက်ထားသူအဖြစ် ရှုမြင်ခံရသည်။
“ဟွန်ဆန်ဆိုတာကလည်း ကမ္ဘောဒီးယားမှာ အာဏာသိမ်းပြီး တဖက်က အတိုက်အခံတွေကို တောက်လျှောက်ဖိနှိပ်ပြီးတော့ အာဏာမရရအောင် လုပ်လာတဲ့ ၁၈ နှစ် အထိ သက်ဆိုးရှည်နေတဲ့ အာဏာရှင်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
ယင်းအာဏာရှင်ကို မြန်မာပြည်သူလူထုက အလိုမရှိကြောင်း ရနိုင်သမျှသော နည်းလမ်းပေါင်းစုံ ဖြင့် ကန့်ကွက်သည်။ ဟွန်ဆန်၏ ဖေ့စ်ဘုတ်စာမျက်နှာသို့ ဝင်ရောက်ကာ မြန်မာပြည်သူ ထောင်ပေါင်းများစွာက မှတ်ချက်ပြုရေးသားသဖြင့် Comment box ပိတ်ပစ်ရသည်အထိ ကန့်ကွက်မှုက ပြင်းထန်ခဲ့သည်။ တွစ်တာလူမှုကွန်ရက်၌လည်း ‘ဟွန်ဆန်ကို အလိုမရှိကြောင်းနှင့် အာဆီယံက ၎င်း၏ ခရီးစဉ်ကို ကန့်ကွက်သင့်ကြောင်း’ တိုက်တွန်းလှုပ်ရှားမှုလုပ်ဆောင်ခဲ့သည်။
ထိုသို့ ပြင်းထန်စွာကန့်ကွက်နေသည့်ကြားမှ အကြမ်းဖက်စစ်ကောင်စီက ဟွန်ဆန်ကို မဖြစ်မနေ ဖိတ်ခေါ်နေရခြင်းမှာ အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်ရရှိရေးမျှော်လင့်ချက်ဖြစ် သည်။
ကမ္ဘောဒီးယားသည် ၂၀၂၂ အတွက် အာဆီယံ၏ အလှည့်ကျဥက္ကဌဖြစ်ပြီး ယင်းတာဝန်ကို ဝန် ကြီးချုပ်ဟွန်ဆန်က ထမ်းဆောင်မည်ဖြစ်သည်။
သို့ရာတွင် အာဆီယံက ၎င်းတို့ကိုယ်စား ဝန်ကြီးချုပ်ဟွန်ဆန်ကို မြန်မာနိုင်ငံသွားရောက်ရန် ညွှန် ကြားထားခြင်းမရှိသည့်အပြင် အာဆီယံအဖွဲ့ဝင်များအကြား ခရီးစဉ်နှင့်ပတ်သက်၍ ဆွေးနွေး သဘောထားပေးခြင်းမျိုးမရှိပေ။
ခရီးစဉ်မတိုင်မီတွင် အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ဝန်ကြီးချုပ်ဟွန်ဆန်ထံ ဖုန်းခေါ်ဆိုခဲ့ပြီး အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည်
ဖော်ရေး အရေးကြီးမှုကို အလေးပေးပြောကြားခဲ့သည်။
ထို့အပြင် ယင်းဘုံဆုံးဖြတ်ချက် ၅ ရပ်အကောင်အထည်ဖော်မှု တိုးတက်ခြင်း မရှိပါက အာဆီယံဆွေးနွေးပွဲများသို့ စစ်ကောင်စီခေါင်းဆောင်ကိုဖိတ်ကြားမည်မဟုတ်ဘဲ နိုင်ငံရေးနှင့်မသက်ဆိုင်သူ(non-political)ကိုသာ တက်ရောက်ခွင့်ပြုမည်ဟု အင်ဒိုနီးရှားသမ္မတက ဟွန်ဆန်ကို သတိ ပေးခဲ့သည်။
အမေရိကန်ကလည်း ပြီးခဲ့သည့်ဒီဇင်ဘာလတွင်ကမ္ဘောဒီးယားကိုအာဆီယံအလှည့်ကျဥက္ကဌတာဝန်ထမ်းဆောင်ချိန်၌ မြန်မာစစ်ကောင်စီကို မည်သည့်လိုက်လျောမှုမျှ မလုပ်ဆောင်ရန် သတိပေးခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ် Derek Cholletက မြန်မာစစ်ကောင်စီအရာရှိများကို လာမည့်အာဆီယံထိပ်သီးညီလာခံတွင် ဆက်လက် ချန်လှပ်ရန် ကမ္ဘောဒီးယားကို တောင်းဆိုခဲ့သည်။
ပြီးခဲ့သည့် အာဆီယံထိပ်သီးညီလာခံနှင့်ဆက်စပ်အစည်း
အဝေးများတွင် အာဆီယံက မြန်မာစစ်ကောင်စီခေါင်းဆောင်ကို ဘုံဆုံးဖြတ်ချက် ၅ရပ်အကောင်အထည်
ဖော်ရန်ပျက်ကွက်မှုကြောင့် တက်ရောက်ခွင့်မပေးခဲ့ပေ။
ထို့ကြောင့် တရားမဝင်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ၎င်းနှင့်အသွင်တူသူ ဟွန်ဆန် အလှည့်ကျဥက္ကဌတာဝန်ယူချိန်တွင် အာဆီယံအစည်းအဝေးများသို့ အမိအရတက်ရောက်ခွင့် ရရှိရေးကြိုးပမ်းလာခြင်းဖြစ်သည်။ တဖက်တွင်လည်း မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်က တိုင်းရင်းသားပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူး လွန်ရုံသာမက အရှိန်မြှင့်တင်လုပ်ဆောင်နေသည်။
ယင်းက အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်တွင်ပါဝင်သော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့် ရန် အချက်ကိုဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေခြင်းဖြစ်သည်။ ထိုအချက်သာမက အကြမ်းဖက်စစ် ကောင်စီသည် အာဆီယံ၏အထူးကိုယ်စားလှယ်ကိုခန့်ထားရေးတစ်ချက်ကလွဲ၍ ကျန်အချက် အားလုံးကို လိုက်နာပူးပေါင်းဆောင်ရွက်ခြင်းမရှိပေ။
ထိုအခြေအနေတွင် အာဏာရှင်ဟွန်ဆန်က အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ယူခါနီးအချိန်ကစ၍ မိတ်ဆွေကြီးမင်းအောင်လှိုင်ကို ဆေးဖော်ကြောဖက်လုပ်ရန် လေသံဟခဲ့ပြီး အာဆီယံစားပွဲ ဝိုင်းတွင် တစ်စားပွဲတည်းထိုင်ရန် ဖိတ်ခေါ်မည့်အရိပ်အယောင်များပြခဲ့သည်။
ဟွန်ဆန်၏ ယခုနေပြည်တော်ခရီးစဉ်သည်လည်း မြန်မာအကြမ်းဖက်စစ်ခေါင်းဆောင်၏ သွေး စွန်းနေသည့်လက်ကို လက်ဆွဲနှုတ်ဆက်ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားက မြန်မာစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုခြင်းဖြစ်သည်။
သို့ရာတွင် မြန်မာစစ်ကောင်စီကို ကမ္ဘောဒီးယားအပါအဝင် အာဏာရှင်နိုင်ငံများ သို့မဟုတ် အာဏာရှင်တစ်ပိုင်းနိုင်ငံ အနည်းငယ်ကသာ တရားဝင်မှုပေးသည်။ ယင်းအချက်ကို ပြီးခဲ့သည့် မြန်မာ့လွတ်လပ်ရေးနေ့သဝဏ်လွှာများက သက်သေခံသည်။ မြန်မာ့လွတ်လပ်ရေးနေ့အတွက် ရုရှား၊ ကမ္ဘောဒီးယား၊ ဆားဘီးယား၊ မြောက်ကိုရီးယားနှင့် ဘီလာရုစ် စသည့်နိုင်ငံ ၅ နိုင်ငံကသာ သဝဏ်လွှာပေးပို့သည်။ တရုတ်အပါအဝင် အာဆီယံ၏ ကျန်အဖွဲ့ဝင် ၉ နိုင်ငံကလည်း စစ် ကောင်စီကို တရားဝင်အသိအမှတ်မပြုပေ။
အလားတူ ဟွန်ဆန်၏ ယခုခရီးစဉ်သည် အာဆီယံ၏ ထောက်ခံချက်ပါဝင်နိုင်မည်မဟုတ်ဘဲ ကမ္ဘောဒီးယားအာဏာရှင်က မြန်မာအာဏာရှင်ကို အားပေးထောက်ခံခြင်းသက်သက်သာဖြစ် သည်ဟု နိုင်ငံရေးအကဲခတ်များက ရှုမြင်သည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ဆွေးနွေးသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း မြန်မာပြည်သူများအတွက် အကျိုးဖြစ် ထွန်းမည့်ခရီးစဉ် မဖြစ်နိုင်ဟု မြန်မာပြည်သူများက ယုံကြည်ထားသည်။
“ဒီခရီးစဉ်ကနေ ပြည်သူလူထုအတွက် အကျိုးရှိတဲ့ နိုင်ငံရေးဖြေလျော့မှုတွေ ၊ ပြောင်းလဲမှုတွေ ဘာမှမဖြစ်နိုင်ဘူး။ ပြည်သူလူထုအတွက် အကျိုးရှိတဲ့အချက်အလက်တွေ ဘာမှမဖြစ်နိုင်ဘူးလို့ ယူဆပါတယ်” ဟု နိုင်ငံရေးသုတေသီ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။


















































