လွန်ခဲ့တဲ့ နှစ် ၂၀ က ဘာလီကျွန်း ဗုံးခွဲမှုမှာ အဓိက ဦးဆောင် ပါဝင်ခဲ့တဲ့ စစ်သွေးကြွ ခေါင်းဆောင် တစ်ဦးကို အင်ဒိုနီးရှား တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။
ဂျကာတာမြို့တော်၊ ရာဇဝတ် ခုံရုံးက အသက် ၅၈ နှစ်အရွယ် ဇူလ်ကန်နေယန်းဟာ အကြမ်းဖက် လုပ်ရပ်အတွက် ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ ၂၀၀၂ ခုနှစ်က ဖြစ်ပွားတဲ့ ဗုံးကွဲမှု အပြီးကတည်းက အင်ဒိုရဲ့ အလိုအရှိဆုံး အကြမ်းဖက်သမား ဖြစ်လာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှာ အဖမ်းခံခဲ့ရပါတယ်။
ဘာလီကျွန်းက ကမ္ဘာလှည့် ခရီးသွားတွေ ထူထပ် စည်ကားနေရာ ဘားနှစ်ခုမှာ ဖြစ်ပွားတဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် နိုင်ငံပေါင်း ၂၁ ခုက လူ ၂၀၂ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းက ခရစ္စမတ် အားလပ်ရက် ကာလမျိုးနဲ့လည်း တိုက်ဆိုင်နေတာကြောင့် ဘာလီမှာ အရမ်း လူစည်ကားနေခဲ့ပါတယ်။
ဒီဖြစ်ရပ်ဆိုးဟာ အင်ဒိုနီးရှားရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အောင်မြင်မှု ပုံရိပ်ကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ အာဏာပိုင်တွေက အခု အကြမ်းဖက်မှုရဲ့ နောက်ကွယ်က လက်သည်တွေကို ဖော်ထုတ်နိုင်ဖို့ ဆယ်စုနှစ်တွေနဲ့ချီ သည်းကြီးမည်းကြီး ကြိုးစားခဲ့ကြပါတယ်။

Public Service Announcement
၂၀၀၈ ခုနှစ်တုန်းက ဗုံးခွဲမှုမှာ အဓိက ပါဝင်လှုပ်ရှားသူ ၃ ဦးကို ကွပ်မျက်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သုတ်သင်တာ၊ ဖမ်းမိပြီး ထောင်ချခံရတာတွေ ကြုံခဲ့တဲ့ အကြမ်းဖက်သမားတွေလည်း ရှိခဲ့ပါတယ်။ မနှစ်ကတော့ အစွန်းရောက် အစ္စလာမ်မစ်ဝါဒီ တရားဟောဆရာ တစ်ဦးဟာ ထောင်ဒဏ် ၁၀ နှစ် ကျခံပြီးတဲ့နောက် ပြန်လည် လွတ်မြောက်လာပါတယ်။ အဘူဘေကာ ဘာစ်ယာဟာ ဒီအကြမ်းဖက်မှုရဲ့ နောက်ကွယ်မှာ ဆက်စပ် ပါဝင်နေပြီး အယ်လ်ကိုင်ဒါရဲ့ ဝါဒတွေ လွှမ်းမိုးထားတဲ့ ဂျီမားဟ် အစ္စလာမီယာ အဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်းလည်း ဖြစ်ပါတယ်။
အရစ် ဆူမာဆိုနိုဆိုတဲ့ နာမည်နဲ့လည်း လှုပ်ရှားလေ့ရှိတဲ့ ဇူလ်ကန်နေယန်းကလည်း ဂျီမားဟ် အစ္စလာမီယာ အဖွဲ့ဝင် တစ်ဦးလို့ အစိုးရ ရှေ့နေတွေက စွပ်စွဲပါတယ်။ ဇူလ်ကန်နေယန်းဟာ ဘာလီကျွန်း ကိစ္စအပြင် အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်က တခြား အကြမ်းဖက် တိုက်ခိုက်မှု တချို့ကိုပါ ကြိုးကိုင်ခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။
အဲဒီထဲမှာ ၂၀၀၀ နဲ့ ၂၀၀၁ ခုနှစ်တွေက ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေမှာ အင်ဒိုနီးရှားက ခရစ်ယာန် ဘုရားကျောင်းတွေ ဗုံးခွဲ ခံရတာ၊ ၂၀၀၀ ပြည့်နှစ်က ဂျကာတာမှာရှိတဲ့ ဖိလစ်ပိုင်သံရုံး ဗုံးခွဲခံရတာ၊ ၂၀၀၃ ခုနှစ်မှာ ဂျကာတာ မာရီယော့ ဟိုတယ် ဗုံးခွဲခံရတာ၊ ၂၀၀၄ ခုနှစ်မှာ ဂျကာတာက ဩစတြေးလျသံရုံး ဗုံးခွဲခံရတာတွေလည်း အပါအဝင် ဖြစ်ပါတယ်။
အမေရိကန် အစိုးရက ဒေါ်လာ ၅ သန်း ဆုငွေ ထုတ်တာ ခံထားရတဲ့ ဇူလ်ကန်နေယန်းက ဘာလီကျွန်း ဗုံးခွဲမှုတွေမှာ သူ့လူတွေ ပါဝင်ခဲ့ကြောင်း ဝန်ခံပေမယ့် တကယ့် တိုက်ခိုက်မှု ဖြစ်လာချိန်မှာ သူ့ကို ဘာမှ အသိမပေးခဲ့ကြကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ တရားသူကြီးကတော့ ဒီထွက်ချက်ကို ပယ်ချပြီး သူ့မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရ ရှေ့နေတွေက ဇူလ်ကန်နေယန်းကို ထောင်ဒဏ်တစ်သက် စီရင်ချက်ချဖို့ တောင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာတော့ ထောင်ဒဏ် ၁၅ နှစ်သာ ချမှတ်ဖို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


















































