-အိမ်နှင့်တဲ အလုံး၅၀ ဝန်းကျင်၊ကွမ်းခြံ ၃၀ခန့်ပျက်စီးဆုံးရှုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယမန်နေ့(ဇန်နဝါရီ ၂၁)နံနက်ပိုင်းက မုံရွာမြို့အဝင်မုခ်ဦးအနီးမှ လူနေအိမ်၊ တောင်ယာတဲများ၊ ကွမ်းခြံများအား မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ်နှင့် တောင်ယာတဲ အလုံး ၅၀ ဝန်းကျင်နှင့် ကွမ်းခြံ ၃၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၂၁ ရက် နံနက် ၉ နာရီမှစတင်ကာ မုံရွာတောင်နယ် မအူရွာ၊ အောင်သာရွာ၊ မြေနဲရွာ၊ မင်းရွာများရှိစိုက်ကွင်းများသို့ အကြမ်းဖက် စစ်တပ်မှ ပစ်ခတ်စီးနင်းကာ ဝင်ရောက်လာခဲ့ကြောင်း၊ စိုက်ခင်းများရှိ တောင်သူနှင့်အလုပ်သမားများအား ရိုက်နှက်ဖမ်းဆီးကာ မြင်သမျှ လူနေအိမ်၊ တောင်ယာတဲများ၊ ကွမ်းခြံများကို မီးရှို့ခိုင်းကြောင်း၊ အိမ်၊တဲ၊ ကွမ်းခြံများအပြင် မီးစက်၊ဆိုင်ကယ်များ၊ တောင်ယာသုံးပစ္စည်းများ၊ လူ့အသုံးအဆောင်ပစ္စည်းများစွာ မီးထဲပါသွားကြောင်း ဒေသခံများကပြောသည်။

စိုက်ခင်းများတွင်လုပ်ကိုင်နေကြသူ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
“အဖမ်းခံရတဲ့သူတွေ ခုထိမလွှတ်သေးဘူး။ မြို့အဝင်မုခ်ဦးနားက သူတို့စခန်းခေါ်သွားပြီးပိုက်ဆံနဲ့လာရွေးရမယ်ကြားတယ်။”ဟု မုံရွာဒေသခံတစ်ဦးက ယမန်နေ့ညကပြောသည်။
အထက်ပါမီးရှို့ဖျက်ဆီးမှူများအတွက်ယမန်နေ့က မုံရွာမြို့ပေါ် တွင်လည်း စစ်ကောင်စီ၏ ထောက်တိုင်များ၊ စစ်ကောင်စီတပ် တပ်စွဲရာအနီးတဝိုက်နေရာများအား မြို့ပြပျောက်ကြားအဖွဲ့များကဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး မုံရွာမြို့ အမှတ်(၂)ရဲစခန်း၊ ကမ္ဘောဇဘဏ်ခွဲသုံးခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်တစ်လုံးနှင့် ဆည်မြောင်းရုံး အပါအဝင် စုစုပေါင်း ၁၃ နေရာထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပျောက်ကြားအဖွဲ့များကထုတ်ပြန်ထားသည်။


















































