●ထွက်မပြေးနိုင်ဘဲကျန်ခဲ့သောသက်ကြီးရွယ်အိုများအသက်အန္တရာယ်စိုးရိမ်ရ
စစ်ကိုင်းတိုင်း၊ပုလဲ မြို့နယ်ရှိ ကိုင်းတွင်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက People’s Spring သို့ ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၄ ရက်)ည ၆ နာရီခွဲခန့်က စ၍ ရွာအတွင်းမှ မီးညွှန့်များစတက်လာပြီးနောက် ဒေသခံများနှင့် အဆက်အသွယ်ရရှိချိန် ည (၉ နာရီ ၂၀ မိနစ် )အထိ ကျေးရွာတွင်းရှိ နေအိမ်များစွာ မီးကူးစက်လောင်ကျွမ်းနေသည်ဟု ဒေသခံများက ပြောသည်။
“အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဒီအ တိုင်းပဲ ကျွန်မတို့တွေ လည်စင်းခံနေရတော့မှာလား။စာနာကူညီမဲ့သူ မရှိကြတော့ဘူးလား။အခု ဆို စစ်ပြေးဘဝ ကနေ နောက်ထပ် အိမ်ရာမဲ့ ဘဝတွေ ဖြစ်ကုန်ကြပါပြီ”ဟု အသက် ၄၀ ကျော်အရွယ် ကိုင်းတွင်းရွာသူတစ်ဦးက ပြောသည်။

Public Service Announcement
ပုလဲမြို့နယ်ရှိ မွေ့တုံကျေးရွာအား အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၃၁ ရက်ကစ၍ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နီးစပ်ရွာကျေးရွာတစ်ခုဖြစ်သည့် ကိုင်းတွင်းရွာနေပြည်သူများသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း ကိုင်းတွင်းရွာသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၂၂၀ လောက်ရှိတယ်။ဒေသခံပြည်သူ အရေအတွက်က ၉၀၀ စွန်းစွန်းရှိတယ်။လွန်ခဲ့တဲ့ ငါးရက် လောက်ကတည်းက တောထဲပြေးနေရတာ။အခု စစ်ခွေးတွေ မီးရှို့နေတာ တစ်ရွာလုံး ကုန်ဖို့ များနေပါပြီ။ ရွာမှာ အသက်ကြီးလို့ မပြေးနိုင်လို့ ချန်ခဲ့ရတဲ့ သက်ကြီးရွယ်အို ၁၀ ယောက်လောက်ရဲ့ အခြေအနေကလည်း စိုးရိမ်စရာကောင်းနေတယ်”ဟု ၎င်းက ဆက်ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်)ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ပုလဲမြို့နယ်၊မင်းတိုင်ပင်ရွာကို ဝင်ရောက်သောင်းကြမ်းပြီး ရွှေဆိုင်မှ ရွှေများကို လုယက်ခိုးယူခြင်း၊ ငွေကြေးများအားခိုးယူခြင်း၊ စတိုးဆိုင်များမှအစားအသောက်ရိက္ခာများကို ခိုးယူခြင်းနှင့် အခြားပစ္စည်းများအပါအဝင် ကားသုံးစီးတိုက် ခိုးယူသွားသည့်အပြင် ပြည်သူသုံးဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့သည်။
ဇန်နဝါရီ ၃၁ ရက်ကစ၍ ပုလဲမြို့နယ်အတွင်း ရှိ မွေ့တုံရွာမှ အိမ်ခြေ (၂၀၀) နီးပါးနှင့် ပန်းရွာက အိမ်ခြေ (၃၀၀) ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်စည်း စိမ်များကို တရားမဲ့ ပြု လုပ်နေသည့် အကြမ်း ဖက်စစ်တပ်အား ယနေ့နေ့လည်ပိုင်းတွင် ပြည်သူ့တော်လှန်ရေးတပ်မတော် PRA က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကြောင်း PRA ကထုတ်ပြန်ခဲ့သည်။


















































