စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူများနှင့် တသမတ်တည်း ရပ်တည်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)နှင့် ကချင်အမျိုးသားခေါင်းဆောင်များကို အစဉ်အမြဲ သတိတရကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က သဝဏ်လွှာပေးပို့သည်။
ယနေ့ကျရောက်သော (၆၁) နှစ်မြောက် ကချင်တော်လှန် ရေးနေ့ကို အလေးအမြတ်ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ပြီး အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ဦးတည်ဆောင်ရွက်နေသည့် အနာဂတ် မြန်မာနိုင်ငံသစ်ထူထောင်မည့် တော်လှန်ရေးခရီးတွင် အမြဲလက်တွဲကာ အောင်ပန်းဆွတ်ခူးသည်အထိ အတူတကွ ဆက်လက်ဆင်နွှဲရန်လည်း NUG က တိုက်တွန်းသည်။
ကချင်အမျိုးသားခေါင်းဆောင်ကြီးများသည် လွတ်လပ် ရေးမတိုင်ခင်ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်တို့ကို ရှုံးဆုံးခဲ့ရသည့်အတွက် ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်မှ စတင်ကာ လက်နက်ကိုင်တော်လှန်လာခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်း ၆၁ နှစ်အတွင်း အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်စနစ်ဖော်ဆောင်ရေး အတွက် တိုက်ပွဲဝင်ရင်း စွန့်လွှတ်စွန့်စား အသက်ပေးသွားကြသည့် ကချင့်တော်လှန်ရေး ရဲဘော်များနှင့် ကချင့်အာဇာနည်များကိုသာမက တော်လှန်ရေးကာလတစ်လျှောက် အနှစ်နာခံပေးဆပ်ခဲ့ကြသည့် မိသားစုဝင်များနှင့် ကချင်ပြည်သူ လူထုအပေါင်းကို ကိုယ်ချင်းစာ အသိအမှတ်ပြုလျက် အလေးအနက် ဦးညွတ်ဂုဏ်ပြုကြောင်းလည်း NUG က သဝဏ်လွှာ၌ ဖော်ပြသည်။

Public Service Announcement
ထို့အပြင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုမှ နိုင်ငံတော် အာဏာကို လက်နက်အားကိုး ထပ်မံသိမ်းပိုက်လိုက်ပြီးနောက် ပြည်မနေ ဗမာလူထုအများစုသည် အကြမ်းဖက်စစ်တပ်၏ လူမဆန်သည့် လုပ်ရပ်များအား မျက်မြင်ကိုယ်တွေ့ ခံစားနေကြရပြီး တိုင်းရင်းသားများ၏ နစ်နာမှုများအား ကွက်ကွက် ကွင်းကွင်း သိမြင်ကိုယ်ချင်းစာနေကြောင်း NUGက ဆက် လက်ဖော်ပြသည်။


















































