▪️စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရန် KIAက တိုက်ခိုက်နေခြင်းဖြစ်
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့ ပူးပေါင်း တိုက်ခိုက်လျက်ရှိရာ လေးရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ပူတာအို ရှိန်ဂတ်ဘွမ်(တောင်)ရှိ စစ်ကောင်စီတပ်စခန်းကို KIAနှင့် PDFတို့က ဖေဖော်ဝါရီ ၁၈ရက်မှစတင် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ယနေ့(ဖေဖော်ဝါရီ ၂၁ရက်) နံနက် ၁၀နာရီခန့်တွင် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရှိန်ဂတ်တောင်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA၊PDF ပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲစတင်ခဲ့ခြင်း ဖြစ်ပြီး လက်နက်ကြီး အဓိကအသုံးပြု၍ အပြန်အလှန် တိုက်ခိုက်ခဲ့သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

Public Service Announcement
အဆိုပါ ရှိန်ဂတ်ဘွမ်တပ်စခန်းမှာ ယခင်က KIA တပ် စခန်းချနေထိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ဒီဇင်ဘာ ၂၃ရက်တွင် စစ်တပ်က အင်အားအလုံးအရင်းဝင်ရောက်တိုက်ခိုက်လာ၍ ယာယီရှောင်ထားသည့် နေရာဖြစ်သည်ဟုဆိုသည်။ ယခု အဆိုပါတပ်စခန်းကို ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KIAသတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။
တိုက်ပွဲ၌ ထိခိုက်ကျဆုံးမှုရှိ၊မရှိကို ဖော်ပြမထားသော်လည်း ကချင်ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရ ရှိန်ဂတ်ဘွမ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၁၀ဦးထက်မနည်း သေဆုံးထိခိုက်မှုများရှိခဲ့သည်ဟုဆိုသည်။


















































