ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ ပင်းတယမြို့တွင် ယမန်နေ့(မတ်လ ၂၅ရက်)က ဆေးရုံလူနာလာပို့သည့် အရပ်သားဆိုင်ကယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်ဖြင့်လိုက်လံပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
အထက်ပါပစ်ခတ်မှုမှာ ပင်းတယမြို့ပေါ်တစ်နေရာတွင် ယမန်နေ့(မတ်လ ၂၅ရက်)ည ၉နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ရပ်စောက်ဘက်ကနေ လူနာတင်ကားနဲ့ အရေးပေါ် လူနာလာပို့တာ။ ဆွေမျိုးတွေက ဆိုင်ကယ်နဲ့ လိုက်လာတယ်။ အဲ့ဒီဆိုင်ကယ် အမြန်မောင်းလို့ဆိုပြီး လိုက်ပစ်တာ။ လွတ်အောင် မောင်းပြေးလို့ မထိခိုက်ခဲ့ဘူးလို့ ဒီမနက် သိရတယ်”ဟု ပင်းတယမြို့ခံလူငယ်တစ်ဦးက ပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဒေသတွင်း လူမှုကွန်ရက်စာမျက်နှာ Voice of Pintaya ကလည်း”ပင်းတယမြောက်ဘက်အထွက်၌ ဖြစ်ပွါးခဲ့သော ပစ်ခတ်မှုမှာ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာမှ လူနာတင်ယာဉ် နှင့်အတူပါလာသော လူနာရှင်များက အလျင်လို၍ ဆိုင်ကယ်မရပ်ပေးဘဲ မောင်းနှင်သွားခြင်းကြောင့် သေနတ် ၂ ချက် ပစ်ဖောက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်”ဟု အသိပေး ထားသည်။

Public Service Announcement
ယမန်နေ့ညက ပစ်ခတ်မှုတွင် သေနတ်သံ ၆ချက်အထိ ကြားခဲ့ရသည်ဟုလည်း ဒေသခံများက ပြောသည်။အရပ်သားကို လက်နက်အားကိုးဖြင့် အကြောင်းမဲ့တိုက်ခိုက်ခြင်းသည် လူမဆန်သည့် လုပ်ရပ်ဟု ဒေသခံများက ရှုတ်ချနေကြသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသတွင်ပါဝင်သော ပင်းတယနှင့်ရွာငံမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီထောက်တိုင် ဒလန်အချို့ မကြာခဏ ရှင်းလင်းသုသတ်သင်ခံနေရပြီးနောက် စစ်ကောင်စီက ဒေသခံများအပေါ် နည်းမျိုးစုံ ဖိအားပေးနေသည်။
ဖေဖော်ဝါရီနှင့် မတ်လအတွင်း ဒလန်း ငါးဦးထက်မနည်း အသတ်ခံလိုက်ရသလို စစ်ကောင်စီ ကလည်း ပင်းတယဒေသခံ ၁၅ဦးထက်မနည်းကို ဖမ်းဆီးခဲ့သည်။
နိုင်ငံတော်အာဏာကို မတရားအာဏာသိမ်းထားသည့် အကြမ်းဖက် စစ်ကောင်စီအား အမြစ်ပြတ်အောင် တိုက်ခိုက်သွားမည်ဟုလည်း ပင်းတယနှင့်ရွာငံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကြေညာထားသည်။


















































