မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းမှာ သွားလာနေတဲ့ ပြည်သူလူထုတွေအနေနဲ့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားတဲ့ကြေငြာချက်ကို လိုက်နာပြီး ပူးပေါင်းပါဝင်ကြဖို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ဆိုပါတယ်။
စစ်ကောင်စီက မြ၀တီ-ကော့ကရိတ်အာရှလမ်းနဲ့ မြ၀တီ-ဝေါ်လေလမ်းပိုင်းကို အသုံးပြုပြီး စစ်ရေးလှုပ်ရှားမှုတွေဆောင်ရွက်ခဲ့တာကြောင့် ပြည်သူလူထုတွေအနေနဲ့ သွားလာတာတွေယာယီရပ်ဆိုင်းထားဖို့ ကေအဲန်ယူ-ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်က ပြီးခဲ့တဲ့မတ်လ ၂၆ ရက်က ကြေငြာချက်ထုတ်ပြန်ထားတာပါ။

“ကျနော်တခုပြောရမှာကတော့ စစ်ရေးဆိုင်ရာလုပ်ဆောင်တဲ့အခါမှာ ကျနော်တို့အဲ့လို မြွေမသေတုတ်မကျိုးနဲ့ ကျနော်တို့ ဘယ်လိုမှအလုပ်လုပ်လို့မရဘူးလေ။ စစ်ရေးနဲ့ပတ်သက်တဲ့လုပ်ဆောင်မှုတွေကတော့ စစ်ရေးနဲ့တူအောင်တန်အောင်တော့ လုပ်ရမှာပဲလေ။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ပြောချင်တာက ဒီအချိန်အခါမှာ ကျနော်တို့နဲ့ပူးပေါင်းပါဝင်ပါ။ တတ်နိုင်သမျှ စစ်ကောင်စီနဲ့မဖြတ်နိုင်သေးပေမယ့် ဒီအချိန်ဒီကာလမှာတော့ အတတ်နိုင်ဆုံးဖြတ်ကြပါ။ မဟုတ်ရင်တော့ အဲ့ဒီမှာရောရောနှောနှောပါသွားနိုင်တယ်ဆိုတာ ဒါကတော့ စစ်ရေးအစဉ်အလာလုပ်ဆောင်တဲ့အခါမှာ ဒါတွေကမလွဲမသွေဖြစ်လာမှာပဲ”လို့ ပဒိုစောတောနီးက ဆိုပါတယ်။
စစ်ကောင်စီဟာ တပ်အင်အားတွေအားလုံးထုတ်သုံးပြီး နယ်မြေစိုးမိုးရေးကို ရအောင်လုပ်ဆောင်သွားမှာဖြစ်ကာ ဒီလိုလုပ်ဆောင်လာတဲ့အပေါ်မှာ ကေအဲန်ယူအနေနဲ့ ဒီအတိုင်းထိုင်ကြည့်လို့မရပဲ လုပ်စရာရှိတာဆက်လုပ်သွားမှာလို့ ပဒိုစောတောနီးက ဆိုပါသေးတယ်။

Public Service Announcement

“ဒီတပ်တွေတိုးလာဖို့ဆိုတာ ဘယ်လမ်းကနေလာမလဲ။ ဒီအာရှလမ်းကပဲ ဝင်လာမယ်။ တခြားလမ်းမရှိဘူးလေ။ ဆိုတော့ ကျနော်တို့ အဲ့ဒါပိတ်ထားတယ်ဆိုတာ အလဟသလျှောက်ပြီးတော့ အခြေမရှိအမြစ်မရှိလျှောက်ပြီးတော့ လုပ်နေတာတော့မဟုတ်ဘူး။ တကယ်လုပ်နေပါတယ်။ ကျနော်တို့ရင်ဆိုင်နေရတဲ့ ရန်သူတွေက ဒီလမ်းကိုအသုံးပြုနေတယ်ဆိုတာ တကမ္ဘာလုံးသိနေတဲ့အပေါ်မှာ ကျနော်တို့က မရှိမဖြစ်လုပ်နေတဲ့ကိစ္စပဲဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ယာယီရပ်ဆိုင်းထားတဲ့အခါမှာတော့ လူထုအနေနဲ့ အဲ့ဒါနားလည်ပေးဖို့ဆိုတာ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပြီးသားပါ။ ပြည်သူလူထုအနေနဲ့ ရှောင်စရာရှိတာရှောင် သွားသင့်တာသွား။ အဲ့ဒီအပေါ်မှာတော့ သတိဝိရိယနဲ့သွားဖို့လိုတယ်” လို့ ပဒိုစောတောနီးက ဆိုပါသေးတယ်။
တပ်မဟာ ၆ နယ်မြေအတွင်းက စစ်ကောင်စီတပ်အနေနဲ့ ပြန်လည်ထွက်ခွာပေးဖို့၊ အာရှလမ်းမနဲ့ မြ၀တီ-ဝေါ်လေလမ်းကို ပြည်သူတွေအနေနဲ့ ခရီးသွားလာတာတွေ ယာယီရပ်ဆိုင်းထားဖို့ ကေအဲန်ယူက စာထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေကော် ဖလူး သေ့ဘောဘိုး ဝေါ်လေ စုကလိ ကော့ကရိတ် တောင်ကြာအင်း ကြာအင်းဆိပ်ကြီး စတဲ့ နေရာတော်တော်များများမှာ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့တာဖြစ်ပါတယ်။
ကော့ကရိတ်-မြ၀တီအာရှလမ်းမနဲ့ မြ၀တီ-ဝေါ်လေလမ်းပိုင်းမှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အာရှလမ်းပိုင်းမှာသွားလာနေတဲ့ ယာဉ်တချို့ ပစ်ခတ်ခံခဲ့ရတာကြောင့် လူသေဆုံးမှုရှိခဲ့ကာ ယာဉ်တွေတချို့လည်း မီးရှို့ခံခဲ့ရပါတယ်။


















































