ပဲခူးမြို့ရှိ ဗဟိုသင်္ကြန်မဏ္ဍပ်တွင်လူနာတင်ယာဥ်( Ambulance) တစ်စီးစီ အသင့်ရပ်ထားရန် အကြမ်းဖက် စစ်ကောင်စီကပရဟိတအသင်းများကိုအဓမ္မဖိအားပေးစေခိုင်းနေကြောင်း ဒေသခံများကပြောသည်။
လူနာတင်ယာဥ်များ လာရောက်ရပ်နားထားခြင်း မရှိပါက ပရဟိတ အသင်း ဥက္ကဌများကို ဖမ်းဆီး၊ အရေးယူမည်ခြိမ်းခြောက်ထားသည့် အတွက် ပရဟိတအဖွဲ့များ အခက်ကြုံနေရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
“မနက်ဖြန် ဗဟိုသင်္ကြန်မဏ္ဍပ်မှာ ပရဟိတအသင်းက Ambulance ကားတစ်စီးစီ လာရပ်ဖို့ စစ်ကောင်စီက အသင်းတွေကို လှမ်းအကြောင်းကြားတယ်။ လာမရပ်ပေးရင် အရေးယူမယ်လို့လဲ ပြောတယ်။ အသင်းက ကလေးတွေကလည်း မသွားချင်ကြဘူး။ ဗုံးပေါက်တာမျိုး ဖြစ်မှာ စိုးရိမ်နေတယ်။ မသွားမဖြစ် ဆိုတော့လည်း သူတို့နဲ့ ခပ်လှမ်းလှမ်းမှာပဲ ရပ်စောင့်ဖို့ လုပ်ရမှာပဲ ” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်အုပ်စုသည် မြန်မာနှစ်သစ်ကူးကာလကို အကြောင်းပြ၍ တိုင်းပြည်၏ အခြေအနေကို ပုံမှန်ဖြစ်နေသယောင် လုပ်ကြံဖန်တီးရန်အတွက် သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ပြီး လူစည်ကားရန်အတွက်လည်း ပြည်သူများကို ပိုက်ဆံပေး၍ လိုက်လံစည်းရုံးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

Public Service Announcement


















































