စစ်ကိုင်း – ရွှေဘို လမ်းပိုင်းပေါ်တွင် စစ်ကောင်စီ၏ ၁၀ ဘီးကား မိုင်းဆွဲခံရပြီး မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး (SGG)က ယနေ့(မေ ၂၇ ရက်)ထုတ်ပြန်သည်။
ထိုတိုက်ခိုက်မှုကို ယမန်နေ့ (မေ ၂၆ရက်) ည ၁၀နာရီ ခွဲခန့်က နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ၁၀ဘီးကား ငါးစီးကို စစ်ကိုင်းမြို့နယ် ကျော်ဇေယျာနှင့် ချိုင်းကြီးကျေးရွာကြားတွင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ ရိက္ခာနှင့်လူများသယ်ဆောင်လာသည့် ၁၀ ဘီးကား ငါးစီးအနက် ယာဉ်တန်းမှ စစ်ကောင်စီတပ် သားများပါရှိသော နောက်ဆုံးကားကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။
“ဒီကောင်တွေ ပြန်ပစ်ချိန်တောင်မရဘူး ကားက မီးလောင်သွားတာ၊ ဆားတောင်ဘက်ကနေ ဒိုင်နာ ၂စီးနဲ့လာပြီး မီးလောင်သွားတဲ့ကားပေါ်က ကျန်ခဲ့တဲ့ ပစ္စည်းတွေလာသယ်သွားတယ်၊ အဲ့ကျမှ သေနတ်တွေဖောက်ပြီး သယ်သွားကြတာ”ဟု တိုက်ခိုက်မှုတွင် ပါဝင်သူများ ၏ ပြောကြားချက်ကို SGGက ဖော်ပြသည်။

Public Service Announcement
မိုင်းဆွဲခံရသည့် ယာဥ်ပေါ်မှ စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဟုလည်း သိရသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း ရွှေဘိုမြို့နယ်အခြေစိုက် တပ်မ (၃၃)လက် အောက်ခံ ခလရ – ၄၂ တပ်ရင်းမှ လက်နက်ခဲယမ်းများတင်ဆောင်လာသည့် စစ်ကားသုံးစီးပါရှိသည့် ယာဥ်တန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သည်။
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့မှုများနှင့် ဒေသခံပြည်သူလူထုကို အကြမ်းဖက်နည်းလမ်းများစွာပိုမိုအသုံးပြုလာသော ကြောင့် စစ်ဘေးရှောင်ရသည့် ပြည်သူအရေအတွက်မှာ ယခုလအတွင်း တစ်သိန်းကျော်အထိ မြင့်တက်လာနေသည်ဟု ဒေသတွင်းလူမှုကူညီရေးအဖွဲ့များက ခန့်မှန်းသည်။


















































