စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် စစ်ကောင်စီတပ်ကားတစ်စီးအား တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိတစ်ဦးဒဏ်ရာရဆေးရုံတက်ကုသနေရကြောင်း Black Eagle Defence Force-MMUအဖွဲ့က သတင်းထုတ်ပြန်သည်။
မေလ၃၀ရက်နေ့နံနက် ၈နာရီ ၂၅ မိနစ်ခန့်ကမုံရွာ-မန္တလေးလမ်းမကြီးပေါ်၌ မုံရွာမှ ထွက်လာသောစစ်ကောင်စီတပ်သား ၂၅ ဦးခန့်လိုက်ပါလာသည့် ဖောကားအဖြူတစ်စီးအား အလ္လကပ္ပရွာနှင့် ဝမ်းပြည့်ရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းBlack Eagle Defence Force-MMUအဖွဲ့က ပြောသည်။
ပထမ ရှော့ထွက်ပြောင်း ၃ လုံးနှင့် ပစ်ခတ်ခဲ့ပြီး ဒုတိယအကြိမ်တွင် ပဒေသာမိုင်း ၅ လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု Black Eagle Defence Force-MMUအဖွဲ့က ဆိုသည်။
ဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီကားအား ထိထိမိမိ ထိမှန်ခဲ့ပြီး ခေတ္တခဏ ရပ်တန့်သွားပြီးနောက် မြင်းမူမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း၊ ကားပေါ်ပါအကြမ်းဖက်စစ်ကောင်စီတပ်၏ အရာရှိတစ်ဦး ဆေးရုံရောက်ပြီး အထိအခိုက်စာရင်းအား ဆက်လက်စုံစမ်းနေကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement
အကြမ်းဖက်စစ်တပ်ဘက်မှ ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များထိခိုက်မှုမရှိဟု ၎င်းတို့ကဆက်ပြေ သည်။
“ကျွန်တော်တို့ဘက်က ဘယ်လောက်ပဲဆုံးရှုံးမှုတွေရှိနေပါစေ အာဏာရှင်စနစ်ကိုတော့ အမြစ်ပြတ်သည်အထိ တော်လှန်သွားမှာပါ။ ထုတ်ပြန်ချက်နဲ့ပတ်သတ်ပြီးတော့ တခြားပြောစရာမရှိပါဘူး။မြေပြင်အခြေအနေအရ အချိန်နောက်ကျပြီး ထုတ်ပြန်ရတာမို့ နားလည်ပေးစေလိုပါတယ်။”ဟု Black Eagle Defence Force-MMUအဖွဲ့ တာဝန်ရှိသူက People’s Springသို့ ပြောသည်။
အဆိုပါဖြစ်စဥ်အား မြင်းမူမြို့ Black Eagle Defence Force-MMU(မြင်းမူ လင်းယုန်နက် ကာကွယ်ရေးအဖွဲ့)မှ ဦးဆောင်ပြီး Myinmu Civil Revolution Force-CRF (မြင်းမူ)၊ MMU PDF၊ မြင်းမူလျှပ်စီး ပြောက်ကျားတပ်ဖွဲ့၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့
-CDSOMစသည့် ညီနောင်မဟာမိတ် ၅ ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။
မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြတ်သန်းသွားလာတိုင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပဒေသာမိုင်းများဖြင့် ဖောက်ခွဲကာ ခုခံတိုက်ခိုက်လျက်ရှိသည်။


















































