မြန်မာစစ်တပ်၏ ကြမ်းကြုတ်ရက်စက်သည့်အကြမ်းဖက်မှုများကို အထောက်အပံ့ပြုနေသည့် ကုမ္ပဏီများအား အရေးယူဒဏ်ခတ်ကြောင်း ဗြိတိန်၏ထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးက ချီးကျူးလိုက်သည်။
“ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်ရန်စမှုကို ထောက်ခံအားပေးသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့်အတူ မြန်မာပြည်သူများအပေါ် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက ကြမ်းကြုတ်ရက်စက်သည့်အကြမ်းဖက်မှုများပြုလုပ်နိုင်စေရန် အထောက်အပံ့ပြုနေသည့် ကုမ္ပဏီများကို ဒဏ်ခပ်ပိတ်ဆို့အရေးယူမှုအကြောင်း ယူနိုက်တက်ကင်းဒမ်း၏ ယနေ့ ထုတ်ပြန်ချက်ကို မိမိ ချီးကျူးပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ၎င်း၏တွစ်တာ၌ ရေးသားသည်။
မြန်မာစစ်တပ်၏ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာကုမ္ပဏီ ၃ ခုကို ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူကြောင်း ဇွန် ၁၆ ရက်တွင် ကြေညာခဲ့ပြီး ယင်းကုမ္ပဏီများသည် မြန်မာစစ်တပ်ကို လေယာဉ်အစိတ်အပိုင်းများ အထောက်အပံ့ပေးရာတွင် တာဝန်ရှိသည့်အတွက် ပစ်မှတ်ထားအရေးယူဒဏ်ခတ်ခြင်းဖြစ်သည်။
ဒဏ်ခတ်ပိတ်ဆို့အရေးယူခံရသော မြန်မာကုမ္ပဏီများမှာ Synpex Shwe Company Ltd၊ Myanmar New Era Trading Company Ltd နှင့် Sky Aviator Company Ltd တို့ဖြစ်သည်။

Public Service Announcement
အမေရိကန်အစိုးရသည်လည်း အာဏာသိမ်းစစ်ခေါင်းဆောင်များ၊ အာဏာသိမ်းမှုတွင် ပါဝင်ပတ် သက်သူများ၊ စီးပွားရေးလုပ်ငန်းများကို အရေးယူဒဏ်ခတ်ထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လည်မရောက်မချင်း ထပ်မံအရေးယူပိတ်ဆို့ရန် အသင့်ရှိကြောင်း ကြေညာထား သည်။


















































