▪︎လူမျိုးရေး ပဋိပက္ခ ဖြစ်ရပ်များ သင်ခန်းစာယူရန် တိုက်တွန်း
▪︎မောင်တော၌ ကျောင်းဆရာနှင့် ဆရာမ ပြန်ပေးဆွဲခံရမှု မထိန်းသိမ်းနိုင်ပါက နိုင်ငံရေးအရ ကစားခြင်း၊ နိုင်ငံရေးအရ ပို၍ ရှုပ်ထွေးခြင်းဖြစ်လာနိုင်ဟုလေ့လာသူ သုံးသပ်
ရခိုင်ပြည်သူပြည်သားများအနေဖြင့်ရန်သူ၏ထောင်ချောက်ထဲ့သို့ မကျရောက်စေရေး၊ ရန်သူဖြစ်လိုသောအကွက်ထဲသို့ မသက်ဆင်းလာစေရေး အထူးသတိထားရန်လိုအပ်ကြောင်း ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိ အခြေအနေ၌ လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖြစ်စေနိုင်သည့် ဖြစ်စဉ်များ ဆက်တိုက် တွေ့လာနေရသည့်အပေါ် ULAက ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဇွန်လ ၁၆ရက်က မောင်တောမြို့နယ် သင်္ဘောလှရွာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာ ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော် တို့ ပြန်ပေးဆွဲခံရခြင်းဖြစ်စဉ်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင်ရွာမှ မူဆလင် လူငယ် တစ်ယောက်အား ရိုက်နှက်ကာ လက်ပြန်ကြိုးတုပ်လျက် ကျောက်တုံးဖိထားခဲ့သည့် ဖြစ်စဉ် တို့ကို ULAက မီးမောင်းထိုးပြသည်။ ထို့အပြင် လွန်ခဲ့သည့် ကာလများက မြောက်ဦး ကျောက်တော် အစရှိသည့် မြို့နယ်များ၌ စပါးရိတ်စက်များ ၊ ကောက်လှိုင်းစည်းများ မီးရှို့ခံရခြင်း၊ မုဒိမ်းကျင့်ရန် ကြံစည်ခြင်း အပါအဝင် လူမျိုးရေး ဘာသာရေး ပဋိပက္ခ ကို ဖြစ်စေနိုင်သည့် ဖြစ်ရပ်များ ပေါ်ပေါက်လာကြောင်း ဖော်ပြထားသည်။

ရန်သူသည် ယင်းလုပ်ရပ်များကို ၎င်းတို့၏ လက်ကိုင်တုတ် ရက္ခိုင်တချို့၊ အမျိုးသားသစ္စာဖောက်တချို့ နှင့် ၎င်းတို့၏ အဖွဲ့အစည်းအတွင်းမှ ရက္ခိုင် စကား ပြောတက်သူများကို အသုံးချ ခိုင်းစေခြင်းဖြစ်ကြောင်း သိရသည်ဟု ULAက ဆိုသည်။

Public Service Announcement
ယင်းဖြစ်စဉ်များသည် လူမျိုးရေး ဘာသာရေးပဋိပက္ခ ကို ဦးတည်စေနိုင်သည့် အတွက် ရခိုင်ပြည်သူပြည်သား များ အနေဖြင့် သတိပြု ဆင်ခြင်ရန်နှင့် နောက်ထပ် အလားတူ ဖြစ်စဉ်မျိုး မပေါ်ပေါက်စေရေး အလေးဂရုပြု ဝိုင်းဝန်း ကာကွယ်စောင့်ထိန်းရန် အထူးလိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိအခြေအနေများအရ လူမှုကွန်ရက်စာမျက်နှာများ ထက်က သတင်းများကို သတိဉာဏ်ဖြင့် ဆင်ခြင်ဖတ်ရှုကြရန် ပဋိပက္ခကို ဦးတည်စေနိုင်သော အရေးအသား လှုံ့ဆော်မှုမျိုးရေးသားခြင်းဖြန့်ဝေခြင်းလုံး၀မပြုလုပ်ကြရန်၊အတိတ်မှ ဖြစ်ပျက်သောလူမျိုးရေးပဋိပက္ခ ဖြစ်ရပ်များမှသင်ခန်းစာယူရန်တိုက်တွန်းကြောင်း ULAက ထုတ်ပြန်သည်။

မောင်တောဒေသ၌ ကျောင်းဆရာနှစ်ဦး ပြန်ပေးဆွဲခံရမှု နှင့်ပတ်သက်ပြီး AAက ARSA အဖွဲ့၏ လုပ်ရပ်ဟု စွပ်စွဲပြောဆိုထားသကဲ့သို့ ARSAကလည်း ၎င်းတို့ မဟုတ်ဟု ထုတ်ပြန်ထားသည်။
ရခိုင်ကျောင်းဆရာ ၁ ဦးနှင့် ကျောင်းဆရာမ ၁ ဦးတို့သည် တာဝန်ထမ်းဆောင်ရာ သင်္ဘောလှကျေးရွာမှ မောင်တောမြို့သို့လာရောက်စဉ်လမ်းခုလတ်တွင် ဇွန် ၁၆ ရက်က ဖမ်းဆီးခံခဲ့ရပြီး ယင်းသည် ARSA(အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်)၏ လုပ်ရပ်ဖြစ်ကြောင်း ရခိုင့်တပ်တော်(AA)ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကယမန်နေ့တွင်၎င်း၏တွစ်တာ၌ ရေးသား သည်။
“ဘင်္ဂလားဒေ့ရှ် နယ်စပ်နားမှာ ARSA ရဲ့ပြန်ပေးဆွဲခြင်းခံရတဲ့ ကျောင်းဆရာနှစ်ဦးအရေးဟာ နေရပ်ပြန်ဖို့စိုင်းပြင်းနေတဲ့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများရှိ မွတ်ဆလင်များအတွက်သာမက ရခိုင်ပြည်နယ်အတွင်း မတူကွဲပြားတဲ့လူ့အဖွဲ့အစည်းတွေအကြား လူမှုသဟဇာတဖြစ်မှုနဲ့ ကောင်းမွန်တဲ့ယုံကြည်မှုတည်ဆောက်ရေးအတွက်ကျွန်တော်တို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ကြီးမားစွာထိခိုက်စေပါတယ်”ဟုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရေးသားခဲ့သည်။
သို့သော် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ရေးသားမှုအပေါ် ARSA က ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး အထက်ပါပြန်ပေးဆွဲမှုတွင် ၎င်းတို့အနေဖြင့် မည်သည့်ပါဝင်ပတ်သက်မှုမျှ မရှိကြောင်း ငြင်း ဆိုသည်။
“ကျောင်းဆရာနှစ်ဦးပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ်မှာ ဘယ်လိုပါဝင်ပတ်သက်မှုမှ မရှိဘူးဆိုတာ ကျွန်တော်တို့ပြတ်ပြတ်သားသားငြင်းဆိုပါတယ်။ သက်ဆိုင်ရာအာဏာပိုင်အားလုံးအနေနဲ့ ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ရာဇဝတ်သားစစ်စစ်တွေကို အပြစ်ပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ARSA ၏ ယမန်နေ့ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့အပြင် ARSA က “ဒီအရေးနဲ့ပတ်သက်လို့ AA ခေါင်းဆောင် ထွန်းမြတ်နိုင်က ARSA ကို စွပ်စွဲခြင်းဟာ လူ့အသိုင်းအဝိုင်းအကြားမီးမွှေးလုပ်ဆောင်ခြင်းဖြင့် ရိုဟင်ဂျာပြန်လည်လက်ခံရေးအစီအစဉ်ကို ရပ်တန့်ဖို့နဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို အဆုံးသတ်ဖို့ သူတို့ရဲ့ ဝါဒဖြန့်ချိရေးဆိုတာ ရှင်းရှင်းလင်းလင်း ညွှန်ပြနေပါတယ်” ဟုဆိုသည်။
ARSA သည် အကြမ်းဖက်မြန်မာစစ်တပ်ကိုသာ တိုက်ခိုက်ပြီး အခြားမည်သည့်တိုင်းရင်းသားကိုမျှ မတိုက်ခိုက်သည်ကို ရှင်းလင်းစွာထပ်မံဖော်ပြလိုကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်အပေါ် ဗိုလ်ချုပ်ထွန်းမြင့်နိုင်က”ကိုယ်ကျူးလွန်ထားတာကို မဟုတ်သယောင် ငြင်းတာမှာဆရာကျတဲ့ သူတွေကသားကောင်းဖမ်းနေပြန်ပါပြီ ။ အခုနောက်ဆုံးထုတ်ပြန်ချက်က ဘာကိုသတိရစေလဲဆိုတော့ အလာတူးဖြစ်ရပ်ဖြစ်သလို အံအားသင့်စရာဖြစ်တဲ့ မစ္စတာMuhibbullah ကိုဘယ်သူလုပ်ကြံတာလဲ ။ပုံမှန်စဥ်စားဆင်ခြင်နိုင်တယ်သူတိုင်း ဘယ်သူလုပ်ကြံတယ်ဆိုတာသိကြပါတယ်။ကျူးလွန်ခဲ့တာတွေကို ထုတ်ပြန်ချက်တစ်ခုတည်းနဲ့ တာဝန်ခံဖို့ကိုမင်းတို့ငြင်းပယ်လို့မရပါဘူး “ဟု၎င်း၏တွစ်တာတွင်ယနေ့ထပ်မံရေးသားထားသည်။
အထက်ပါ ကျောင်းဆရာနှစ်ဦးပြန်ပေးဆွဲခံမှုနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီက တစုံတရာထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။ ယခုဖြစ်စဥ်သည် ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် AA စစ်ရေးတင်းမာနေချိန်တွင်ပေါ်ပေါက်လာခြင်းဖြစ်သည်။
ရခိုင်သတင်းဌာနအချို့၏ ဖော်ပြချက်အရ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အစိုးရ အဖွဲ့သည် ယင်းပြန်ပေးဆွဲမှုကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းခြင်းမရှိဟုဖော်ပြထားသည်ကိုတွေ့ရသည်။
ရခိုင်လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ယခုဖြစ်ရပ်ကို ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းခြင်းမရှိပါက ရခိုင်များနှင့် မွတ်ဆလင်များအကြား ပဋိပက္ခကြီးထွားလာမည်ကို စိုးရိမ်ကြောင်း ပြောသည်။
“အရင်တုန်းကလည်း ဖြစ်ခဲ့တယ် ဒီကိစ္စမျိုးတွေ။ မသီတာထွေး ကိစ္စတုန်းကလည်း ရာဇဝတ်မှုကနေပြီးတော့လူမျိုးရေးဆန်တဲ့ အဓိကရုဏ်း တွေဖြစ်သွားတာပေါ့။ အခုလည်း ဝန်ထမ်းတွေ ဆိုတော့ ဆရာဆရာမတွေ ဆိုတော့ ပိုပြီးတော့ လူထုတွေက မခံမရပ်ဖြစ်နေတာပေါ့” ဟု မြေပုံ မြို့နယ်လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ပြောသည်။ စစ်ဗိုလ်ချုပ်များက ယူနီဖောင်းပြောင်း အုပ်ချုပ်သော ၂၀၁၂ သမ္မတဦးသိန်းစိန်းအစိုးရလက်ထက် တွင် ရခိုင်ပြည်နယ်၊ကျောက်နီမော်တွင် မသီတာထွေး အဓ္ဓပြုကျင့်သတ်ဖြတ်ခံရသောဖြစ်ရပ်မှ ရခိုင်ပြည်နယ်တွင် လူမျိုးရေး ဘာသာရေးအဓိကရုဏ်းဖြစ်ခဲ့သည်။
သာမာန်ရာဇဝတ်မှုမှ နိုင်ငံရေးဆန်သည့်၊ လူမျိုးရေးဆန်သည့် ရာဇဝတ်မှုများမဖြစ်ပွားရန်ဘက်အားလုံးကထိန်းသိမ်းစွာလုပ်ဆောင်သင့်ကြောင်း ၎င်းက တိုက်တွန်းသည်။
“အကုန်လုံးသတိထားရမှာက ဒါ သာမန်ရာဇဝတ်မှုကနေ ပြီးတော့ နိုင်ငံရေးဆန်တဲ့ လူမျိုးရေးဆန်တဲ့ ပဋိပက္ခ မဖြစ်ဖို့ အကုန်လုံးဘက်က အထူးသဖြင့် ကိုယ့်ရခိုင်ဘက်က ဒါကို ထိန်းသိမ်းဖို့လိုတယ်။ အဲဒီလို မဟုတ်ရင်တော့ ဒါ ULAတို့ ARSA တို့နဲ့ ပတ်သက်လာလို့ရှိရင်တော့ စစ်ကောင်စီတပ်တွေကလည်း အဲဒီမှာ ဝင်ပြီးတော့ နိုင်ငံရေးကစားနိုင်တာပေါ့နော်။ အဲဒါတွေကို ပိုပြီးတော့ သတိထားရမယ်။ ပိုပြီးတော့ နိုင်ငံရေး အခြေအနေတွေက ရှုပ်ထွေးသွားမှာပေါ့” ဟု ဦးဖေ သန်းက ပြောသည်။
ရခိုင် သတင်းဌာနအချို့၏ ဖော်ပြချက်အရ ကျောင်းဆရာနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသော အဖွဲ့အစည်းက ဘင်္ဂလားဒေ့ရှ်တာကာ သိန်း ၅၀ (ကျပ် သိန်း ၁၀၀၀ ခန့်)ဖြင့် ပြန်ရွေးရန် တောင်းဆိုထားကြောင်း သိရသည်။


















































