Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဘေး လုပ်ကြံခံရမှုမှာ လုံခြုံရေး ယိုပေါက်တွေ ရှိခဲ့ကြောင်း ဂျပန် ရဲတပ်ဖွဲ့ ဝန်ခံ

ရဲတွေက ပစ်ခတ်မှု ကျူးလွန်သူဟာ အသက် ၄၁ နှစ်အရွယ် တက်ဆူယာ ယာမာဂါမီ ဆိုသူ ဖြစ်တယ်လို့ ကြေညာထားပြီး အသင်းအဖွဲ့ တစ်ခုနဲ့ ဆက်နွှယ်ပြီး အာဘေးအပေါ် အငြှိုးအတေး ထားခဲ့ကြောင်း ပြောပါတယ်။ ဘယ်အဖွဲ့အစည်းလဲ ဆိုတာကိုတော့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

အာဘေး လုပ်ကြံခံရမှုမှာ လုံခြုံရေး ယိုပေါက်တွေ ရှိခဲ့ကြောင်း ဂျပန် ရဲတပ်ဖွဲ့ ဝန်ခံ
အာဘေး လုပ်ကြံခံရမှုမှာ လုံခြုံရေး ယိုပေါက်တွေ ရှိခဲ့ကြောင်း ဂျပန် ရဲတပ်ဖွဲ့ ဝန်ခံ

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှုမှာ လုံခြုံရေး အစီအမံ အားနည်းချက်တွေ အထင်အရှား ရှိခဲ့ကြောင်း ဂျပန် ရဲတပ်ဖွဲ့က ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

နာရာမြို့က နိုင်ငံရေး အခမ်းအနား တစ်ခုမှာ အာဘေး မိန့်ခွန်းပြောနေတုန်း ဇူလိုင် ၈ ရက်မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံ ခံခဲ့ရတာပါ။ လုပ်ကြံတဲ့သူဟာ အာဘေးနဲ့ အတော်နီးနီးထိ ချဉ်းကပ်နိုင်ခဲ့တဲ့နောက် တိပ်အမည်း ပတ်ထားတဲ့ လက်လုပ် သေနတ်နဲ့ နှစ်ချက် လှမ်းပစ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ နာရာမြို့ရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲက ဒီကိစ္စအတွက် သူ့မှာ အပြည့်အဝ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ တိုမိုအာကီ အိုနီဇူကာက ဖြစ်စဉ် တစ်ခုလုံးကို ခြုံကြည့်ရင် လုံခြုံရေး အစီအမံတွေမှာ လျော့ရဲတာတွေ ရှိခဲ့တယ်ဆိုတာ လုံးဝ မငြင်းနိုင်ဘူးလို့ သူက ဆိုပါတယ်။

မှတ်တမ်း ဗီဒီယိုတွေအရ သေနတ်သမားဟာ စင်မြင့်ပေါ်မှာ ရှိနေတဲ့ အာဘေးကို နောက်ဖက်ကနေ လှမ်းပစ်ခဲ့ပြီး ပထမတစ်ချက် လွဲသွားတာ တွေ့ရပါတယ်။ ဒါပေမဲ့ အချိန်နည်းနည်းဆိုင်းပြီး ထပ်ပစ်တဲ့ ဒုတိယ တစ်ချက်ကတော့ အာဘေးကို ချက်ကောင်း ထိမှန်ပြီး သွေးအိုင်ထဲ လဲပြိုကျသွားစေခဲ့ပါတယ်။ ဒုတိယမြောက် ကျည်ဆန်က အာဘေးကို ထိမှန်ပြီးမှ သေနတ်သမားကို လုံခြုံရေးတွေက ဝိုင်းဝန်း ချုပ်နှောင် ဖမ်းဆီးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဘေးဟာ အထက်လွှတ်တော် ရွေးကောက်ပွဲ အကြို ကာလမှာ နာရာမြို့ အခြေစိုက် နိုင်ငံရေးသမား တစ်ယောက်အတွက် မဲဆွယ် စည်းရုံးပေးနေရင်း လုပ်ကြံ ခံခဲ့ရတာပါ။ တစ်နိုင်ငံလုံးကို ချောက်ချား တုန်လှုပ်သွားစေခဲ့တဲ့ လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့ပေမယ့်လည်း ရွေးကောက်ပွဲကိုတော့ နောက်ထပ် ၂ ရက်အကြာမှာ ကြိုတင် စီစဉ်ထားတဲ့အတိုင်း ဆက်လက် ကျင်းပခဲ့ပါတယ်။

ရဲတွေက ပစ်ခတ်မှု ကျူးလွန်သူဟာ အသက် ၄၁ နှစ်အရွယ် တက်ဆူယာ ယာမာဂါမီ ဆိုသူ ဖြစ်တယ်လို့ ကြေညာထားပြီး အသင်းအဖွဲ့ တစ်ခုနဲ့ ဆက်နွှယ်ပြီး အာဘေးအပေါ် အငြှိုးအတေး ထားခဲ့ကြောင်း ပြောပါတယ်။ ဘယ်အဖွဲ့အစည်းလဲ ဆိုတာကိုတော့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

ဒါပေမဲ့ ဂျပန် မီဒီယာတွေကတော့ အာဘေး ထောက်ခံ အားပေးနေတဲ့ ဘာသာရေးဂိုဏ်း တစ်ခုနဲ့ ဆက်နွှယ်ပြီး မိခင်ဖြစ်သူ စီးပွားပျက်၊ ဒေဝါလီ ခံခဲ့ရတာကို မကျေနပ်လို့ ယာမာဂါမီက အခုလို လုပ်ကြံခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ရဲတွေကတော့ ဒီသတင်းတွေကို အတည်ပြုတာ၊ ငြင်းဆန်တာမျိုး မရှိပါဘူး။

နာရာ ရဲတပ်ဖွဲ့ အကြီးအကဲ အိုနီဇူကာက အခုအချိန်မှာ အရေးအကြီးဆုံးကတော့ လုပ်ကြံမှု တစ်ခုလုံးမှာ ဘာတွေ ဘယ်လို ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို ရှင်းလင်း သဲကွဲသွားအောင် ဖော်ထုတ်ဖို့ပဲလို့ ပြောပါတယ်။ ဖြစ်စဉ် တစ်ခုလုံးကို လေ့လာကြည့်တဲ့အခါ လုံခြုံရေး ရှုထောင့်အရ လစ်ဟာတာတွေ၊ အားနည်းတာတွေ မြင်ခဲ့ရတဲ့နောက် ဖြေမဆည်နိုင်အောင် ဖြစ်မိခဲ့တယ်လို့ အိုနီဇူကာက ဆိုပါတယ်။

တရားခံ ယာမာဂါမီက သူဟာ လောလောဆယ် အလုပ်လက်မဲ့ ဖြစ်နေပေမယ့် ဂျပန် ပြည်စောင့်တပ်ရဲ့ ရေတပ်ဖွဲ့မှာ ၃ နှစ်ကြာ အမှုထမ်းခဲ့ဖူးပြီး မကြာသေးခင်က နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးတယ်လို့လည်း ရဲတွေဆီ ထွက်ဆိုခဲ့ပါတယ်။ သူဟာ အွန်လိုင်းကနေ မှာယူထားတဲ့ စတီးလ်ပိုက်တွေကို သုံးပြီး ၁ ပေကျော်ကျော် ရှည်လျားတဲ့ လက်လုပ်သေနတ်ကို ပြုလုပ်ခဲ့တာလို့လည်း ဆိုတယ်။

ဂျပန်နိုင်ငံ သမိုင်းမှာ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ အာဘေးဟာ ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ် ရှိခဲ့ပါပြီ။ သူကိုယ်စားပြုတဲ့ LDP ပါတီက လက်ရှိ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဖြစ်ပျက်သွားတဲ့ ကိစ္စကြောင့် ပါးစပ် အဟောင်းသား ဖြစ်မိခဲ့ကြောင်း ဝန်ခံပြီး ဂျပန်ရဲ့ ဒီမိုကရေစီကို အကြမ်းဖက်တဲ့ နည်းလမ်းတွေနဲ့ ဖြိုခွင်းလို့ မရအောင် အစွမ်းကုန် ကာကွယ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျပန်မှာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်လို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ သတ်မှတ်ထားပြီး သေနတ်ကိုင် အကြမ်းဖက်မှုတွေလည်း အရမ်းရှားပါးပါတယ်။ ရဲတွေက ယာမာဂါမီဟာ လူသတ်မှုကို တစ်ကိုယ်တော် ကျူးလွန်ခဲ့တယ်လို့ ယူဆထားပေမယ့် နောက်ထပ် ကြံရာပါတွေ ရှိမရှိ သေချာအောင် ဆက်လက် စုံစမ်းနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အီရန်ရဲ့ အကြံအစည် တစ်ခုကို အစ္စရေး ထောက်လှမ်းရေးက အမေရိကန်ဆီ မျှဝေ အသိပေးထားကြောင်း သိရပါတယ်။