အထူးကုဆရာဝန်၊ လက်ထောက်ဆရာဝန်၊ သူနာပြုအပါ အဝင် ကျန်းမာရေးဝန်ထမ်း ၁၅၀ဦးကို အလုပ်ခေါ်ယူကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးဌာနများ၏ ဆေးရုံ။ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် လစ်လပ်နေရာ ၁၅၀နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ကြောင်း ကြေညာခြင်းဖြစ်သည်။
အရိုးအထူးကုဆရာဝန်၊ အရိုးအထူးကုဘွဲ့လွန်သင်တန်းသား၊ ခွဲစိပ်အထူးကုဆရာဝန်၊ ခွဲစိပ်အထူးကု ဘွဲ့လွန် သင်တန်းသား၊ မေ့ဆေးအထူးကုဆရာဝန်၊ မေ့ဆေးအထူးကုဘွဲ့လွန်သင်တန်းသား၊ အရေးပေါ်အထူးကုဆရာဝန်၊ အရေးပေါ်အထူးကုဘွဲ့လွန်သင်တန်းသား၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးဘွဲ့လွန်သင် တန်းသား ၁၀ နေရာစီခေါ်ယူထားသည်။
လက်ထောက်ဆရာဝန် နေရာ ၂၀နှင့် သူနာပြု ၃၀နေရာတို့ကိုလည်း ခေါ်ယူထားသည်။

Public Service Announcement
စစ်ကောင်စီနှင့်ပတ်သက်မှုမရှိသည့် CDM ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သူများ လျှောက်ထားနိုင်ပြီး NUG က တာဝန်ချထားပေးမည့် နေရာဒေသများသို့ သွားရောက်တာဝန်ထမ်း ဆောင်နိုင်သူဖြစ်ရမည်ဟု ဖော်ပြသည်။
လျှောက်ထားလိုသူများသည် Telegram Account – https://t.me/HR-MOHNUG သို့မဟုတ် Telegram Username – @HR-MOHNUG တွင် လျှောက်လွှာပုံစံထုတ်ကာ ဇူလိုင် ၂၈ရက် နောက်ဆုံးထားပေးပို့လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်သည်။
အထက်ပါအလုပ်ခေါ်ယူမှုနှင့်ပတ်သက်၍ အထက်ပါတယ်လီဂရမ်အကောင့်တွင် နေ့စဉ်ပိတ်ရက်မရှိ၊ နံနက် ၁၀ နာရီမှ ည ၈ နာရီအတွင်း အသေးစိတ်စုံစမ်းမေးမြန်းနိုင်သည်ဟုဆိုသည်။
NUG သည် တော်လှန်ရေးနှင့် ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေသည့် ကျန်းမာရေးသူရဲကောင်းများအတွက် လက်ရှိကာလများအတွင်း လူမှုဘ၀ လုံခြုံမှုနှင့် လုပ်ငန်းခွင်လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရန် အစီအစဉ်များ အတတ်နိုင်ဆုံးချမှတ်ထားရှိပြီး တော်လှန်ရေးအလွန်ကာလများတွင်လည်း ဘ၀အာမခံချက်များကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒများနှင့်အညီ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု ထုတ် ပြန်သည်။
ထို့အပြင် NUGကျန်းမာရေးဝန်ကြီးဌာနသည် CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးအင်အားစုများနှင့် တော်လှန်ရေးကာလအတွင်း အခက်အခဲအမျိုးမျိုးကြား၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူအားလုံးကိုအထူးအသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဖော်ပြသည်။
ယခုလျှောက်လွှာခေါ်ယူခြင်းသည် တော်လှန်ရေးကာလလိုအပ်ချက်အရ ပထမအသုတ်အဖြစ် ခေါ်ယူခြင်းဖြစ်ပြီး အခြားသောကျန်းမာရေးဝန်ထမ်းများကိုလည်း နောင်တွင်ထပ်မံခေါ်ယူသွား မည်ဟု NUG က ထုတ်ပြန်သည်။


















































