●စစ်တပ်အာဏာမသိမ်းခင်နှင့်နှိုင်းယှဥ်လျှင် ငွေလဲလှယ်ရေးဈေးကွက်တွင်ကျပ်ငွေတန်ဖိုး၁၀၀ရာခိုင်နှုန်းကျော်ကျဆင်း
ပြည်တွင်းငွေကြေးဈေးကွက်အတွင်းယနေ့ အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၀၀ကျပ်ဈေးရှိလာပြီးသမိုင်းတစ်လျှောက်စံချိန်အများဆုံးနှုန်းဖြစ်ကြောင်းငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။
ဒေါ်လာဈေးဆက်တိုက်တက်လာသော်လည်း ပြည်တွင်းဈေးကွက်တွင်ဒေါ်လာဝယ်ယူ၍မရဘဲ ပြတ်လပ်နေကြောင်း လည်းငွေလဲကောင်တာပိုင်ရှင်များကပြောသည်။၂၀၂၁ စက်တင်ဘာလတွင် ပြင်ပငွေလဲဈေးကွက်တွင် ၁ ဒေါ်လာစံချိန်တင်နှုန်း ၂၇၀၀ ကျပ်နှုန်းသို့ခတ္တရောက်ခဲ့ဖူးပြီး ယခုအခါစစ်ကောင်စီကမျိုးစုံထိန်းချုပ်နေသည့်ကြားမှ ပြင်ပဈေးကွက်တွင် ၂၈၀၀ ကျပ်အထိ့ယခင်စံချိန်တင်ဈေးထက်ပင်ပိုများလာခြင်းဖြစ်သည်။
တနည်းအားဖြင့် ပြင်ပငွေလဲလှယ်သောဈေးကွက်တွင် ကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းနေခြင်းဖြစ်သည်။စစ်တပ်အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်(သောကြာ်နေ့)က ၁ ဒေါ်လာလျှင် ၁၃၃၇ ကျပ်ဖြစ်သည်။ ထိုကြောင့် အဆိုပါနှုန်းဖြင့်နှိုင်းယှဥ်လျှင်တစ်နှစ်ခွဲအကြာတွင်ငွေလဲလှယ်ရေးဈေးကွက်တွင် ကျပ်ငွေတန်ဖိုး ၁၀၀ ရာခိုင်နှုန်းကျော်ကျဆင်းသွားခြင်းဖြစ်သည်။
စစ်ကောင်စီက သတ်မှတ်ပေးသောနှုန်းမှာ ၁၈၅၀ ကျပ်သာဖြစ်၍ ပြင်ပလက်တွေ့ရောင်းဝယ်သောဈေးနှင့် တစ်ထောင်နီးပါးကွာဟလာခြင်းဖြစ်သည်။ သို့သော်အဆိုပါနှူန်းဖြင့်မည်သူမျှအရောင်းအဝယ်မလုပ်ကြဘဲညပြင်ပဈေးကွက်တွင် ဈေးကွက်ပေါက်ဈေးဖြင့်သာအရောင်းအဝယ်လုပ်ကြခြင်းဖြစ်သည်။

Public Service Announcement
“လက်ကြီးသမားတွေစီမှာ တဒေါ်လာကို ၂၈၀၀လောက်ခေါ်ရောင်းနေတယ်။”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။
ပြင်ပဈေးကွက်တွင် နေရာအချို့တွင် တစ်ဒေါ်လာလျှင် ၂၅၅၀ကျပ်ခန့်ဖြင့် အရောင်းအဝယ်ပြုလုပ်နေသော်လည်း အများစုမှာတစ်ဒေါ်လာကျပ် ၂၈၀၀ကျော်ဖြင့်သာအရောင်းအဝယ်ဖြစ်နေသည်ဟုငွေလဲလှယ်နေသူအချို့ကပြောသည်။
ဒေါ်လာဈေးစံချိန်တင်တက်နေသော်လည်း အဆိုပါဈေးဖြင့်ဝယ်လျှင်ပင် ပမာဏအမြောက်အများဝယ်မရဘဲ ဒေါ်လာ ၁၀၀၀ အောက်သာ အများဆုံးဝယ်ရောင်းဖြစ်နေသည်ဟု ငွေလဲကောင်တာပိုင်ရှင်များကပြောသည်။
ဒေါ်လာဈေးဆက်တိုက်မြင့်တက်လာခြင်းကြောင့်အရောင်းအဝယ်သတိထားဆောင်ရွက်နေရပြီးဝယ်လိုအားလည်းမြင့်တက်နေသည်ဟု ၎င်းတို့ကဆက်ပြောသည်။
ဒေါ်လာဈေးနည်းတူ အခေါက်ရွှေဈေးမှာလည်း တစ်ကျပ်သားကို ၂၃ သိန်းအထိ့တက်လာသည်။သို့သော်စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သားကို ၂၀၆၀၀၀၀ကျပ်ဖြင့်သာ နှုန်းသေသတ်မှတ်ထားသည်။
စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်က ရွှေတစ်ကျပ်သားကို ကျပ်၁၃ သိန်းကျော်(၁,၃၂၀,၀၀၀)ဈေးပေါက်ခဲ့သည်။


















































