စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပေါ်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် Canter ကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ တစ်စီးပျက်စီးပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Danger Force LPDFအဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ (သြဂုတ် ၂၅ ရက်) နံနက် ၈ နာရီ ၄၀မိနစ်အချိန်က အရာတော်မြို့မှမောင်းနှင်လာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် Canterကားနှစ်စီးအား ကမ်းဖြူကျေးရွာနှင့် တုံးတင်ကန်ကျေးရွာကြားတွင် ပဒေသာမိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကားနှစ်စီးအနက် တစ်စီးထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Danger Force LPDFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကားပေါ်ပါ စစ်ကောင်စီတပ်သားများက သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
စစ်ကောင်စီတပ်သားများမှာ အရပ်သား ကားတစ်စီးအားအကြမ်းဖက်၍ အတင်းအဓမ္မ ချောဆွဲသွားကြောင်း၊ ထိုသို့ ချောဆွဲခံရသည့်အတွက် စိတ်မကောင်းဖြစ်မိပြီး ပြည်သူများအနေဖြင့်မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရန် Danger Force LPDFအဖွဲ့က မေတ္တာရပ်ခံသည်။

ထိုစစ်ဆင်ရေးကို Danger Force LPDF၊ ပတ္တမြားညီနောင်ပြောက်ကျားတပ်ဖွဲ့တို့က ဦးဆောင်၍ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ မိုင်းမင်းသားမြေအောက်ပြောက်ကျားတပ်ဖွဲ့၊ AMT မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing(ABN PDF)၊ Ayadaw Falcon Force(AF2)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့သည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး Danger Force LPDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
သြဂုတ် ၂၂ ရက်ကလည်း မုံရွာ-အရာတော်လမ်းပေါ်တွင် ပြည်သူကိုတိုက်ပြေးသွားသည့် အကြမ်းဖက်စစ်ကောင်စီကားတစ်စီးအား ဒေသတွင်းအဖွဲ့များက လိုက်လံပစ်ခတ်မီးရှို့ခဲ့သေးသည်။


















































