စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည့် ဒေသခံအချို့သေဆုံး
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာရွာအနီးတိုက် ပွဲကြောင့် လက္ကာနှင့် ဝေသာလီကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံထောင်နှင့် ချီ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
ဩဂုတ် ၂၈ရက်ညနေပိုင်းက စစ်ကောင်စီတပ်စစ် ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။
“မနေ့က ဖြစ်တဲ့အနီးပတ်ဝန်းကျင်မှာ အဲဒီ တပ်ရှိသေးတယ်။ AA ဘက်ကလည်း နောက်မဆုတ်ဘူး။ သူတို့ကလည်း ရှေ့မတိုးဘူး။ ဆိုတော့ အဲဒီအနီးပတ်ဝန်းကျင်က ရွာ ၅ရွာ၊ ၆ရွာလောက် ရှောင်နေရတယ်”ဟု ဒေသခံက ပြောသည်။
ယမန်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြောက်ဦးမြို့အနီးရှိ ကျေးရွာအချို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံးပြီး ၁၀ဦးကျော်ဒဏ်ရာရခဲ့သည်။

Public Service Announcement
ယင်းသို့ ဒဏ်ရာရသူများအနက် သေဆုံးသူများ ထပ်တိုးလာကြောင်း၊ ယမန်နေ့က ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ရသည့် ၂ဦး အပါအဝင် သေဆုံးသူ ၅ဦးထိ ရှိလာပြီဟု ကြားသိရသော်လည်း ၃ဦးကို အတည်ပြုနိုင်ပြီး ကျန် ၂ဦးကို ဆေးရုံကအတည်ပြုခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။
ရသေ့တောင်ဘက်တွင်လည်း စစ်သင်္ဘောနှစ်စီးဖြင့် ရိက္ခာအင်အားများ ထပ်ဖြည့်နေကြောင်း၊ ဘူးသီးတောင်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်က အင်အား ရာနှင့်ချီ ဖြည့်နေကြောင်း၊ ကျောက်ဖြူ၊ မြေပုံဘက်တွင်လည်း ရေတပ်က အင်အားထပ်ဖြည့်နေသည်ဟု ဒေသခံက ပြောသည်။
“မောင်တောမှာလည်း ဒီမနက် ရဟတ်ယာဉ်တစ်စီးနဲ့လာပစ်တယ်ပြောတယ်။ မောင်တောမြောက်ပိုင်းမှာရှိတဲ့ ဒေသခံတွေလည်း ပိတ်မိနေတယ်။ သူတို့ဆိုရင် သုံးပတ်နီးပါးရှိနေပြီ။ သူတို့က ဟိုဘက်သွားမယ်ဆိုရင်လည်း ဘင်္ဂလာဘက်က ဝင်လို့မရဘူး နယ်စပ်ခြံစည်းရိုးကာထားတယ်။ မြို့ဘက်ကို ပြေးလာရင်လည်း ဒီကြိမ်ချောင်းဗျူဟာက ပိတ်ထားတယ် ကျော်ခွင့်မပေးဘူး”ဟု ရခိုင်ဒေသခံက ပြောသည်။
AAနှင့် စစ်ကောင်စီတပ်တို့ ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ မောင်တောမြို့နယ်များတွင် ဩဂုတ် ၁၃ရက်က တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် တိုက်ပွဲများ ကျယ်ပြန့်လာကာ အခြားမြို့နယ်များ၌ ဆက်၍ တိုက်ပွဲဖြစ်ပွားနေသည်။


















































