မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် PDF အား ထောင်ဖမ်းမည်ဟု ကြွေးကြော်ခဲ့သည့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဟု နာမည်ကြီးနေသူအမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဝမ်းတွင်းမြို့နယ် ခင်ကြီးကျေးရွာတွင်နေထိုင်ပြီး ပျူစောထီးဟုလူသိများနေသည့် ဇော်လွင်ဌေး(ခ)နဂါး ဆိုသူသည် ခင်ဘန်းကျေးရွာအနီး ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း Voice Of Wundwin က အသိပေးသည်။
၎င်းသည် ရပ်ရွာနေပြည်သူများကို အမျိုးမျိုးဒုက္ခပေးကာ ဆပ်ကြေးများကောက်၍ စစ်ကောင်စီအလိုကျ အရပ်ဝိုင်းများ၊ ဖဲဝိုင်းများလုပ်ပေးခြင်း၊ အပြစ်မဲ့ပြည်သူများကို အမှုအမျိုးမျိုးဆင်ခြင်း၊ မူးသည့်အခါတိုင်းရပ်ရွာကိုစိန်ခေါ်ခြင်း စသည့်အပြုအမူများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းကိုလာရှင်းမည့် ဝမ်းတွင်းPDFကို စစ်ကောင်စီနှင့်ပေါင်း၍ ထောင်ဖမ်းမည်ဟုကြွေးကြော်ထားသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဇော်လွင်ဌေး(ခ)နဂါး ပျူစောထီးအဖွဲ့ဝင်သင်တန်းဆင်းအား အကြိမ်ကြိမ် စောင့်ကြည့်လေ့လာနေသော်လည်း ပြုပြင်လာခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီအား လမ်းပြကူညီဆောင်ရွက်ခြင်း၊ကျေးရွာတွင်းပြည်သူများအား ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် စစ်ကောင်စီအားကိုးအဖြစ် ဆက်လက်မိုက်မြဲမိုက်နေ၍ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု WTRFက အသိပေးသည်။

Public Service Announcement
မြို့နယ်တွင်းရှိ အခြား အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်များ အကြမ်းဖက် စစ်ကောင်စီ ဘက်တော်သားများ အချိန်မီပြုပြင်ရန် WTRF အဖွဲ့က သတိပေးသည်။


















































