Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (စက်တင်ဘာ ၁၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီတပ်ရဲ့ နေဝင်ချိန်မဝေးတော့ဘူးလို့ NUGကာကွယ်ရေးဝန်ကြီးပြော

စစ်ကောင်စီတပ်ဟာ စိတ်ဓါတ်၊ စည်းကမ်း၊ ကျင့်ဝတ်ကင်းမဲ့ရုံမက လက်ရှိမှာ စစ်တိုက်နိုင်စွမ်းမရှိတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ စစ်သားနဲ့ ရဲ ၁၇ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနားပြုလုပ်ခဲ့ရာ NUG ကာကွယ်ရေး၀န်ကြီးက သဝဏ်လွှာကတဆင့် ပြောဆိုခဲ့တာပါ။

ပြည်သူနဲ့အတူ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ရဲဘော်တွေရဲ့ အသိဉာဏ်ပညာအတွက် ဂုဏ်ယူလေးစားတယ်လို့ ၀န်ကြီးဦးရည်မွန်က ဆိုပါတယ်။ CDM ရဲဘော်တွေဟာ ဂန့်ဂေါခရိုင် အမှတ် (၃)နဲ့ အမှတ် (၅)တပ်ရင်းတွေမှာ တစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။

▪︎အိမ်ခြေ ၅၀ မပြည့်တဲ့ ချင်းရွာလေးက တော်လှန်ရေးအတွက် ၁၂ သိန်းလှူဒါန်း

ချင်းပြည်နယ် နယ်စပ်ရွာလေးတစ်ရွာမှာ တော်လှန်ရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း ‘တစ်အိမ်ထောင်၊ ကျည်တစ်ထောင့်ကမ်းပိန်း’ အတွက်လှည့်လည်အလှူခံရာ အိမ်ခြေ ၅၀ မပြည့်တဲ့ အဲဒီရွာလေးမှ ၁၂ သိန်းရရှိခဲ့တယ်လို့ Chinland Defense Force-Thantlang က ဒီနေ့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေဟာ စစ်ကို အင်မတန်နိုင်ချင်နေပြီး တချို့ အိမ်များက ကျည်တစ်ထောင့်တည်းနဲ့ လွဲမှာစိုးတာကြောင့် ငါးထောင့်စာ (၅၀၀၀၀) ထည့်၀င်တယ်လို့ ၀မ်းသာမျက်ရည်၀ဲတဲ့အကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ရေးသားပါတယ်။ ဒါဟာပြည်သူ့တော်လှန်ရေး၊ ပြည်သူချစ်တဲ့ရဲဘော်၊ ပြည်သူကျွေးတဲ့ စစ်သား၊ ပြည်သူက ပေးလိုက်တဲ့ ကျည်ဆန်နဲ့စစ်တိုက်နေရတာပါလားဆိုပြီး ရဲဘော်တွေ ကျေနပ်စွာ စခန်းဘက်ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

▪︎စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်လို့ မိုးဗြဲရှိ နေအိမ် ၁၀၀ ကျော်ပျက်စီး

မိုးဗြဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နေအိမ် ၁၀၀ ထက်မနည်းပျက်စီးနေတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ဒီနေ့ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ် တပ်စွဲဖို့ ကြိုးပမ်းနေတဲ့ မိုးဗြဲမြို့ရှိ ပွဲကုန်း (၁)၊(၂) နဲ့(၃) ရပ်ကွက်တွေရှိ နေအိမ်တွေအများဆုံးပျက်စီးခဲ့တာပါ။ စက်တင်ဘာ ၈ ရက် စလို့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မိုးဗြဲကို စစ်ကြောင်းထိုးခဲ့ပြီး လေးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၆၀ ကျော်ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီ တပ်ဟာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေ အသုံးပြုခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ မိုးဗြဲ-ဖယ်ခုံလမ်းပိုင်းကို အသုံးမပြုကြဖို့ PKPF က တိုက်တွန်းထားပါတယ်။

▪︎KIA စခန်းအချို့ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ဒေသရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၂)၊ တပ်ရင်း(၁၄) လက်အောက်ခံတပ်စခန်းအချို့ကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက ဒီနေ့မနက်ပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ KIAရဲ့ ၀ခါး တပ်စခန်းနဲ့ ငါးကန်တပ်စခန်းတို့ကို စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲတာကြောင့် စစ်ကောင်စီတပ်သားတွေ ကျဆုံးမှုများပြားနိုင်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

▪︎ဝမ်းတွင်းမှာ ပျူအလောင်းလာကောက်တဲ့ စစ်ကောင်စီယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ပျူစောထီးအလောင်းကို လာကောက်တဲ့ စစ်ကောင်စီတပ်ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ဝမ်းတွင်းမြို့နယ်၊ တဲစုကျေးရွာနေ ပျူသင်တန်းဆင်းဆိုသူ မင်းဌေးဟာ တဲစုကျေရွာအရှေ့ဘက်တောမှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ အဲဒီ ပျုစောထီမင်းဌေးဟာ ရပ်ရွာနေပြည်သူတွေကို ဒုက္ခမျိုးစုံပေးကာ စစ်ကောင်စီနဲ့ပေါင်းပြီး လောင်းကစားဝိုင်းများပြုလုပ်နေတာကြောင့် ရှင်းလင်းခဲ့တာလို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု(WTRF)တာဝန်ရှိသူက ပြောပါတယ်။

▪︎စျေးဝယ်လာတဲ့ ရဲနှစ်ဦး ပစ်သတ်ခံ၊ ပြည်သူနှစ်ဦးလည်း မိုင်းထိသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ – အမြင့်လမ်းမှာ စျေးဝယ်လာတဲ့ ရဲနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကာ ပြည်သူနှစ်ဦးလည်း မိုင်းထိသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းက ညောင်ဖြူပင်ကျေးရွာမှာ စျေးလာဝယ်တဲ့ ရဲတပ်သား သန်းလှိုင်နဲ့ အခြားရဲတစ်ဦးကို သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ ရဲနှစ်ဦးရဲ့ လက်နက်တွေကိုလည်း ပစ်ခတ်တဲ့အဖွဲ့က သိမ်းဆည်းရရှိခဲ့ပါတယ်။ ပစ်ခတ်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်သွားစဥ် ထွက်ပြေးခဲ့တဲ့ ပြည်သူနှစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

▪︎မတ္တရာနယ် ရေလယ်ကျွန်းတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိ

မန္တလေးတိုင်း မတ္တရာမြို့နယ် ရေလည်ကျွန်းဒေသမှာ ဒီနေ့မနက်ပိုင်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။စက်တင်ဘာ ၁၀ရက်က အဲဒီ ဒေသမှာ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့ရာ စစ်ကောင်စီတပ်က ဒီနေ့ အင်အား ရာနဲ့ချီ ဖြည့်တင်း တိုက်ခိုက်လာတာဖြစ်ပါတယ်။ ဒေသခံရဲ့ပြောပြချက်အရ စစ်ကောင်စီတပ်ရဲ့ အလောင်း ၁၅ လောင်းတွေ့ရပြီး ဒဏ်ရာရသူ ၁၃ ဦးရှိတယ်လို့ သိရပါတယ်။

▪︎Non-CDM များ CDM ပြုလုပ်အလင်းဝင်ကြဖို့ ရွှေဘို မြို့နယ်(ပအဖ) သတိပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းတွေအနေနဲ့ CDM ပြုလုပ်အလင်းဝင်ကြဖို့ ရွှေဘိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သတိပေးပါတယ်။ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ Non-CDM တွေ CDM ပြုလုပ်ဖို့ အကြိမ်ကြိမ် သတိပေးနှိုးဆော်ခဲ့ပြီး အခုထုတ်ပြန်ချက်နဲ့ Non-CDM များ အလင်းဝင်ဖို့ ထပ်မံသတိပေး ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။ အလင်းဝင်မယ်ဆိုရင် အနာဂတ်ဝန်ထမ်းဘဝ ရပ်တည်ရေးအတွက် ထည့်သွင်းစဥ်းစားပေးမယ်လို့ ဆိုပါတယ်။ အလင်းဝင်ခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းမြဲဆိုပါက အကြမ်းဖက်ဝန်ထမ်းအဖြစ် သက်မှတ်မှာဖြစ်ပြီး အလင်းဝင်ဖို့ ဖိတ်ခေါ်ခြင်းကို မလိုက်နာပါက တရားဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တော့မယ်လို့ သတိပေး ထားပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေမှာ ဒီနေ့ မနက်ပိုင်းက “Accept NUG and Our Ambassador, Reject Dictator” စာသားနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို တရားဝင်အသိအမှတ်ပြုရေးနဲ့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ရေး၊ စစ်အာဏာရှင်ကို ငြင်းဆန်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ဒေသခံ တိုင်းရင်းသားပြည်သူတွေကလည်း “Accept NUG and Our Ambassador, Reject Dictator” စာသားကိုင်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ ဒေသခံပြည်သူတွေက ဒီနေ့မွန်းလွဲပိုင်းမှာ “Accept NUG & Our ambassador, Reject Dictator” စာသားနဲ့အတူ လူထုထောက်ခံပွဲ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။