ပြီးခဲ့တဲ့ နှစ်ရက်အတွင်း လွှတ်တော်ထဲမှာ ရန်ပွဲတွေ သုံးကြိမ်ဖြစ်ပြီး ကိုယ်ထိလက်ရောက် ထိုးကြကြိတ်ကြ ဖြစ်ကုန်တာကို အမတ်တွေ မျက်ဝါးထင်ထင် တွေ့မြင်ကြရတာကြောင့်ပါ။ အတိုက်အခံ ခေါင်းဆောင်က အစိုးရရဲ့ မူဝါဒတွေကို ဝေဖန်ခဲ့တဲ့နောက် ပြဿနာတွေ အစပြုခဲ့ပြီး အတော်လေး ကြမ်းကြမ်းရမ်းရမ်း ရန်လို တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာပါတယ်။
အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာ လွှတ်တော်ထဲက စိတ်ပျက်စရာ ရှုပ်ရှုပ်ထွေးထွေး အခြေအနေတွေကို အတိုင်းသား တွေ့မြင်နေရပါတယ်။ အတိုက်အခံ ခေါင်းဆောင် ဗာဟီ ဟာကော့ဘ်ယင်က မိန့်ခွန်းပြောပြီး စင်မြင့်ပေါ်က အဆင်းမှာ အစိုးရ ဘက်တော်သား လွှတ်တော် အမတ်တွေက ဝိုင်းဝန်းတိုက်ခိုက်လို့ အတော်လေး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကလည်း လွှတ်တော်ထဲမှာ နှစ်ဖက် နိုင်ငံရေး အင်အားစုတွေက ပုလင်းတွေ၊ တခြားပစ္စည်းတွေနဲ့ ပစ်ပေါက်ရင်း ရန်ပွဲတွေ ဆင်နွှဲခဲ့ကြပါသေးတယ်။
အာမေးနီးယားဟာ မနှစ်တုန်းက အဇာဘိုင်ဂျန်နဲ့ ဖြစ်ပွားတဲ့ နာဂေါ်နို-ခါရာဘက်ခ် စစ်ပွဲအပြီးမှာ နိုင်ငံရေးအရ တင်းမာမှုတွေ အမြင့်ဆုံးထိ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီစစ်ပွဲမှာ အာမေးနီးယား စစ်ရှုံးခဲ့ပြီး လက်အောက်ခံ နယ်မြေ တော်တော်များများကို အဇာဘိုင်ဂျန်ဆီ လွှဲပေးခဲ့ရပါတယ်။
အခု သီတင်းပတ် လွှတ်တော်ထဲမှာ အတိုက်အခံတွေက အရင် ကာကွယ်ရေး ဝန်ကြီးဟောင်းတွေကို သစ္စာဖောက်တွေလို့ စွပ်စွဲခဲ့သလို ဝန်ကြီးချုပ် နစ်ကိုးလ် ပါရှင်ညာနဲ့ အစိုးရ အဖွဲ့ဝင်တွေကိုလည်း အရှုံးသမားတွေဆိုပြီး လှောင်ပြောင်ခဲ့ကြပါတယ်။

Public Service Announcement
အာမေးနီးယား ရှေ့နေချုပ် အာသာ ဒက်ဗ်ညန်က လွှတ်တော်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အရှက်ရစရာ ကိစ္စတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ မဲဆန္ဒရှင် ပြည်သူတွေအပေါ် မလေးမစား ပြုမူရာ ရောက်တယ်လို့လည်း ရှေ့နေချုပ်က ဝေဖန်သွားခဲ့ပါတယ်။


















































