စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့တွင် ဆန္ဒပြပြည်သူများအား ဆဲဆိုဖူးသည့် ရဲတစ်ဦး၏ဇနီး မြို့မစျေးသို့ စျေးဝယ်ထွက်ချိန် ရှင်းလင်းခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (စက်တင်ဘာ၂၂ ရက်) နံနက် ၇ နာရီခန့်က ခင်ဦးမြို့မရဲစခန်းအတွင်းမှ ရဲကတော်(ရဲမိန်းမ) မိချိုဆိုသူသည် ခင်ဦးမြို့မစျေးသို့ စျေးဝယ်ထွက်စဥ် ရှင်းလင်းခံရခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
ရှင်းလင်းခံရသူ ရဲကတော်မိချိုသည် ခင်ဦးမြို့ပေါ်တွင် အာဏာသိမ်းပြီးစဥ်ကာလက ပြည်သူလူထုက ငြိမ်းချမ်းစွာဆန္ဒပြနေစဥ် ဓားကိုင် မိုက်ရိုင်းစွာဆဲဆိုပြီး လုံချည်(ထမိန်)လှန်ပြခဲ့သူတစ်ဦးဖြစ် သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရဲကတော်ရှင်းလင်းခံရပြီးနောက် ခင်ဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့်ရဲများ ယာဉ်သုံးစီးဖြင့် ခြေရှုပ်နေကြောင်း သိရသည်။

Public Service Announcement
ထိုဖြစ်စဥ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က ရှင်းလင်းခဲ့သည်ကို ဒေသတွင်းအဖွဲ့များက လက်တလောထုတ်ပြန်ထားခြင်း မရှိသေးပေ။
ခင်ဦးမြို့နယ်အရှေ့ခြမ်းကျေးရွာများတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဖျက်ဆီးမှုများပြုလုပ်နေပြီး ယနေ့(စက်တင်ဘာ၂၂ ရက်) နံနက်ပိုင်းတွင် ကဗွက် ရွာဘက်ရောက်နေသော စစ်ကြောင်းက လက်နက်ကြီး၊ငယ်များ ရမ်းသမ်းပစ်ခတ်နေကြောင်း၊ ခင်ဦးနယ်အနောက်ခြမ်းတွင် လည်း သာဂရာကျေးရွာအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။


















































