ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကို သတ်ဖြတ်ပြီး ကျေးရွာမီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်အား မြင်းမူနှင့် မြောင်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး ၂၅ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့- CDSOM က သတင်းထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ် နဘက်ကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၃ရက်တွင် စစ်ကြောင်းထိုးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ထက်ကြီးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။ ယင်းစစ်ကြောင်းသည် မြောင်မြို့နယ်မှ ပြန်ထွက်သွားပြီး ယနေ့ (စက်တင်ဘာ ၂၆ ရက်)နံနက်တွင် မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကျေးရွာကြားရောက်ချိန်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မြောင်နယ် နဘက်ရွာကို လူသတ်မီးရှို့ပြီး ပြန်လာတဲ့စစ်ကြောင်းမှ စခ၇ကောင် မိုင်းညီနောင်တို့ရဲ့ သွေးကြွေးအောက်မှာ မင်းအောင်လှိုင်အတွက် ငရဲပြည်သို့ နေရာဦးရန်သွားကြပြီ”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့- CDSOM က ထုတ်ပြန်သည်။
အင်အား ၆၅ဦးခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို မိုင်တဲတာဝါတိုင်အစိတ်အပိုင်းများဖြင့် ပြုလုပ် ထားသော စိန်ပြောင်းလေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးပြီး ၂ဝကျော်ဒဏ်ရာရသွားသည်ဟု CDSOM က ထုတ်ပြန်သည်။

Public Service Announcement
ယမန်နေ့(စက်တင်ဘာ ၂၅ရက်)ကလည်း အင်အား ၇၀ခန့်ပါ စစ်ကြောင်းကို လတ္ထုတ္တောနှင့် ဂွေးပင်တောကြား အရောက်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေပြီး ငါးဦးဒဏ် ရာရခဲ့သည်။
အထက်ပါတိုက်ခိုက်မှုကို CDSOM၊ BLACK EAGLE မြင်းမူလင်းယုန်နက်၊CRF မြင်းမူမြို့ပြပြောက်ကျားအဖွဲ့၊PEOPLE DEFENSE FORCE MMU၊စစ်ကိုင်းခရိုင် တပ်ရင်း(၆) တပ်ခွဲ (၂)၊ မြင်းမူ မြို့နယ် (ပကဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ၂၃ရက်က ကျဆုံးခဲ့သည့် ရဲဘော်ထက်ကြီး၏ စျာပနကို ဒေသတွင်းတော်လှန်ရေးအင်အားစုများအားလုံးတက်ရောက်ပြီး အုပ်ဂူသွင်းသင်္ဂြိုလ်ခဲ့ကြသည်။


















































