နိုင်ငံတောင်ပိုင်းက အချက်အခြာကျတဲ့ ခါဆွန်မြို့ကို ယူကရိန်းတပ်တွေက ထိန်းချုပ်လိုက်ပြီးတဲ့နောက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို တက်သုတ်ရိုက် အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
အခုသီတင်းပတ်ကုန်မှာ ယူကရိန်း တပ်တွေဟာ ခါဆွန်ပြည်နယ်ရဲ့ မြို့တော်ထဲ ဝင်ရောက်လာနိုင်ခဲ့ပြီး မြို့ခံတွေကလည်း သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ပါတယ်။ ရုရှားတပ်တွေကတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ် ကတည်းက ခါဆွန်ကနေ ဆုတ်ခွာခဲ့ကြပြီး ဖြစ်ပါတယ်။
ခါဆွန်ကို လက်လွှတ်လိုက်ရခြင်းဟာ ယူကရိန်း စစ်ပွဲမှာ ရုရှားအတွက် အကြီးအကျယ် အထိနာတဲ့ နောက်ထပ် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာပါတယ်။ နိုဝင်ဘာ ၁၃ ရက်မှာတော့ ယူကရိန်း အစိုးရက ခါဆွန်မှာ လျှပ်စစ်မီးနဲ့ သောက်သုံးရေတွေ ပြန်လည် ရရှိအောင် စတင် ဆောင်ရွက်နေပြီလို့ ကြေညာပါတယ်။
ခါဆွန်မှာ လက်ရှိ အချိန်ထိ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ သောက်သုံးရေ ပိုက်လိုင်းတွေ ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ယူကရိန်း စစ်တပ်က လုံခြုံရေး အကြောင်းပြချက်အရ ခါဆွန်မှာ မနက် ၈ နာရီကနေ ညနေ ၅ နာရီအတွင်းသာ အသွားအလာလုပ်ဖို့ ညွှန်ကြားထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

Public Service Announcement
ရုရှားတွေဟာ ခါဆွန်က ဆုတ်ခွာသွားချိန်မှာ အရပ်ဖက် အခြေခံ အဆောက်အအုံတွေ အားလုံးကို ယုတ်ယုတ်မာမာ မိုင်းထောင် ဖျက်ဆီးသွားခဲ့တယ်လို့ ခါဆွန် အုပ်ချုပ်ရေးမှူး ယာရိုဆလက်ဗ် ယာနူရှက်ဗ်က ပြောပါတယ်။ နောက်ထပ် ရက်ပိုင်းလောက် အကြာမှာတော့ အပျက်အစီးတွေကို ပြန်လည် ပြင်ဆင်ပြီး မြို့ပြ အခြေခံ ယန္တရားတွေ ပြန်လည် လည်ပတ်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။
ယူကရိန်း အစိုးရ ရထားပို့ဆောင်ရေး ဌာနကလည်း လာမယ့် သီတင်းပတ်ကစလို့ ခါဆွန်ထိ မီးရထားတွေ ပြန်လည် ပြေးဆွဲနိုင်ဖို့ ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။ ခါဆွန်ဟာ ရန်သူ့လက်က လွတ်မြောက်လာခဲ့ပြီ ဖြစ်ပေမယ့် လူသားရေးရာ အကူအညီတွေ လိုအပ်နေပြီး အကျပ်အတည်းတွေ အများကြီး ကြုံနေရဆဲလို့လည်း ယာနူရှက်ဗ်က ဆိုပါတယ်။
အိမ်အများစုက လျှပ်စစ်မီးနဲ့ သောက်ရေ မရကြကြောင်း၊ အဆိုးရွားဆုံး အချက်ကတော့ ဓာတ်ငွေ့ ပိုက်လိုင်းတွေပါ ဖျက်ဆီး ခံထားရတာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။ လောလောဆယ်တော့ ယူကရိန်း စစ်တပ်ဟာ မြို့ထဲမှာ မိုင်းရှင်းလင်းရေးတွေကို ဦးစားပေးအဆင့် ဆောင်ရွက်နေရဆဲပါ။
ရုရှားတပ်တွေဟာ ခါဆွန်ကို စွန့်ခွာပြီး အရှေ့ဖက်ကို ဆုတ်ခွာ ထွက်ပြေးသွားပေမယ့် လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိနေဆဲပါ။ ယူကရိန်းဟာ ခါဆွန်ကို တန်ပြန် ထိုးစစ်ဆင်ချိန်နဲ့ တပြိုင်တည်းလိုလိုမှာပဲ နိုင်ငံ အရှေ့ပိုင်း၊ ဒွန်းဘက်စ် ဒေသက ရုရှားတပ်တွေကိုလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြောင်း သိရပါတယ်။


















































