လက်နက် ၄လက်နှင့် ကျည်၊ခဲယမ်းများ သိမ်းဆည်းရရှိပြီး သံချပ်ကာယာဉ် နှစ်စီးကိုဖျက်စီးနိုင်ခဲ့ဟု အသိပေး
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် အာရှလမ်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး နှစ်ဦးအပါအဝင် ၄၈ဦး သေဆုံးခဲ့ပြီး ၆၁ဦး ဒဏ်ရာရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
၂၀၂၂ ဒီဇင်ဘာ ၁၉ရက်မှ ၃၁ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ နယ်မြေခံတပ် ခလရ (၂၃၁)၊ ခလရ (၂၃၀)၊ ခလရ (၉၇)၊ အမြှောက်တပ် (၅၄၇)၊ တပ်မ(၄၄) လက်အောက်ခံ ခမရ (၉)၊ ခလရ (၁၀၄)၊ တပ်မ(၁၁) ထုတ်နုတ်အင်အားတို့သည် ကော့ကရိတ်တောင်ပိုင်း အာရှလမ်းနှင့် ကော့နွဲကျေးရွာဘက်သို့ အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်လာ၍ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇)၊ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagles ဒရုန်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
ရက်ရှည်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ Cobra စစ်ကြောင်းမှ ၁၀ဦး ဒဏ်ရာရပြီး တစ်ဦးကျဆုံးခဲ့ကြောင်း၊ ဒေါနစစ်ကြောင်းမှ လေးဦးဒဏ်ရာရကာ နဂါးဖြူစစ်ကြောင်းမှ သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြ သည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီထံမှ MA3 (၂)လက်၊ MA2 (စက်ကလေး) (၁)လက်၊ ကျည်ဘောက် (၁၂)ဘောက်၊ (၄၀)မမကျည် (၂၉)လုံး၊ ခြေနင်းမိုင်း (၂)လုံး၊ လက်ပစ်ဗုံး (၆)လုံး၊ RPGကျည် (၂)လုံး၊ ပို့ယမ်း (၃)တောင့်၊ (၆၀) မမကျည် တစ်လုံး၊ အီနာဂါ (၁)လုံး၊ ၇.၆၂ကျည် (၆၅၀)တောင့်၊ ၅.၅၆ကျည် (၅၆၅)တောင့်၊ ကျည်ကာခမောက် (၆)လုံး တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက အသိပေးသည်။
KNLA တပ်ရင်း(၁၈) မှ MA3 တစ်လက် သိမ်းဆည်းရမိပြီး ရန်သူ့သံချပ်ကာကား နှစ်စီးအား ဖျက်ဆီးနိုင်ခဲ့ ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း လက်နက် ကြီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ခတ်ခဲ့ဿည့်အပြင် ကော့နွဲ့ရွာမှ လူနေအိမ် ၁၈လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် တစ်ရွာလုံးနီးပါးရှိ အိမ်ခြေများ ပျက်စီးပြီး ကျေးရွာအတွင်း မွေးမြူထားသော ကျွဲ၊ နွား၊ ဝက်၊ ကြက် အမြောက်အများ သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။


















































