စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမြောက်တပ်နှင့် စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးထက်မနည်း သေဆုံးကြောင်း Danger Force LPDF အဖွဲ့က ပြောသည်။
ဧပြီ ၁၀ရက် ညနေ ၆နာရီခန့်က အရာတော်မြို့အနောက်ဘက်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း Danger Force LPDF အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဧပြီ ၁၂ရက်) ညနေ ၃ နာရီကျော်ကလည်း အရာတော်မြို့နယ်ရှိ စစ်ကောင်စီ၏ (၅၀၀၄) အမြောက်တပ်အား (၈၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း Danger Force LPDF အဖွဲ့က ပြောသည်။

စစ်ဆေးရေးဂိတ်အား (၆) ကြိမ်မြောက်၊ အမြောက်တပ်အား (၅)ကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဥ်နှစ်ခုလုံးတွင် စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Danger Force LPDF အဖွဲ့က ဆိုသည်။

Public Service Announcement
“ဂိတ်ကို လေးလုံးပစ်တယ်။ လက်လုပ် (၄၀)နှစ်လုံး အားလုံး ခြောက်လုံးပစ်တယ်။ ပြည်သူတွေရှုပ်နေတဲ့အတွက် လက်နက်ငယ်တော့ မသုံးခဲ့ဘူး။ အမြောက်တပ်ကို (၈၁) ငါးလုံးပစ်ခဲ့တယ်။ ပစ်ပြီးတော့ ကင်းပုန်းတွေ ၃၅ ယောက်လောက်က လိုက်ပစ်တယ်။ ကျွန်တော်တို့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။”ဟု Danger Force LPDFအဖွဲ့၏ တိုက်ခိုက်ရေးတာဝန်ခံ ကိုသူသူက ပြောသည်။
စစ်ဆေးရေးဂိတ်ကို မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် Danger Force LPDF ၊ CD တပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း (၁၉) ၊ အရာတော်(ပကဖ)တို့ကလည်းကောင်း၊ အမြှောက်တပ်ကို Danger Force LPDF ၊ကြယ်နီတပ်ဦး၊ကြယ်နီတပ်ဖွဲ့ ၊ မဟိန်တပ်ဖွဲ့ ၊ Eagle တပ်ဖွဲ့ ၊ Seven Star တပ်ဖွဲ့တို့ကလည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။


















































